နေပြည်တော် စက်တင်ဘာ ၇
တောင်ကြီးမြို့နယ်၌ ငွေကျပ် သိန်း ၅၀ တန်ဖိုးနှင့် မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် သိန်း ၂၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့နယ် ရွှေညောင်-ရပ်စောက်သွားကားလမ်း ပန်းစုံကျေးရွာအနီးတွင် ရပ်စောက်မြို့နယ် နားခဲလေးရွာနေ ဩဘာတ (ခ) စိုင်းဩဘာတ (၄၁) နှစ် မောင်းနှင်လာသော Honda Fit ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅၀) ဖမ်းဆီးရမိသဖြင့် ဩဘာတ (ခ) စိုင်းဩဘာတအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ စက်တင်ဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့နယ် ဆင်မောင်းကျေးရွာအုပ်စု ပန်မော် (၂၀) မိုင်ရွာအနီး ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းတွင် မိုင်းပျဉ်းမြို့နယ် ပန်မော် (၂၀) မိုင်ရွာနေ စိုင်းစံထွန်း (၄၂) နှစ် မောင်းနှင်လာသည့် Toyota Hilux Vigo ယာဉ်နှင့် မိုင်းပျဉ်းမြို့နယ် (၂၄) မိုင်ရွာနေ ယောလှ မောင်းနှင်လာသည့် Toyota Hilux Tiger ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိုင်းစံထွန်း မောင်းနှင်လာသောယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ကီလို ၁၀၂၀ (တစ်ကီလိုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၀၂၀) ကိုလည်းကောင်း၊ ယောလှ မောင်းနှင်လာသော ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ကီလို ၉၈၀ (တစ်ကီလိုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၉၈၀) ကိုလည်းကောင်း ဖမ်းဆီးရမိသဖြင့် စိုင်းစံထွန်းနှင့် ယောလှတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


