တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၆

 

၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားကို ကမ္ဘာမြေပေါ်သို့ နေရောင်ခြည်မှ ကျရောက်သော အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာ၏အရေးပါမှုကို ပြည်သူများပိုမိုသိရှိ နားလည်လာစေရန်နှင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ပစ္စည်းများ ထိန်းချုပ်လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။

 

ပေးအပ်ချီးမြှင့်

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

 

ထို့အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဒုတိယ ဆုနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထိုမှတစ်ဆင့် ရှမ်းပြည်နယ် ကလေးအလုပ် သမားပပျောက်ရေးကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ သင်တန်းအတွက် စားသောက်စရိတ်၊ ဆန်နှင့် သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)