တောင်ကြီး ဩဂုတ် ၃
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘတ်စကက်ဘောအားကစားသမားများ တွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတော်အတွက် အားကိုး အားထားပြုနိုင်မည့် ဘတ်စကက်ဘောအားကစားသမားကောင်းများရရှိစေရေးအတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
ဖွင့်ပွဲတွင် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြား၍ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးကာ အဖွင့်ပွဲစဉ် အမျိုးသားပထမပွဲစဉ်အဖြစ် အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်၍ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ အားကစားဝါသနာရှင် မိဘပြည်သူများ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)


