တောင်ကြီး အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ က မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီး ချုပ်ကလည်းကောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ လေးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ရှမ်းပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက လည်းကောင်း ဖတ်ကြားကြပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၅)တွင် စံပြဆုရရှိသူ တစ်ဦးနှင့် ပြည်နယ်အဆင့် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာဆုရ ကျောင်းသား ကျောင်းသူများ၊ ပြည်နယ်အဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများနှင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများက ကလက် စုံညီ ရှိခိုးချီသီချင်းဖြင့် လည်း ကောင်း၊ တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပူဇော်ပါ၏ မြတ်ဆရာ သီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


