တစ်ပတ်အတွင်း သတင်းအနှစ်ချုပ်

စာတည်းအဖွဲ့

ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အတွင်း ကြေးမုံသတင်းစာတွင်ဖော်ပြခဲ့သည့် သတင်းများအနက် အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ သံတမန်ဆက်ဆံရေး၊ လွှတ်တော်ရေးရာ၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာ၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ စွမ်းအင်၊ အားကစား၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မှုခင်းနှင့် မိုးလေဝသ စသည့် သတင်းများကိုစုစည်း၍ တစ်ပတ်အတွင်း သတင်းအနှစ်ချုပ်အဖြစ် ဖော်ပြလိုက်ပါသည်။

အုပ်ချုပ်ရေး

နိုင်ငံတော်အတွင်း အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးသည့် မြို့နယ်များအတွက်(ချင်းပြည်နယ် တွန်းဇံ မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ)အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၃/၂၀၂၆) ဖြင့် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနှင့်အတူ အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ   လုပ်ပိုင်ခွင့်များကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဆက်လက်အပ်နှင်းသည့်  စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးခဲ့သည်။

ဒေသဖွံ့ဖြိုးရေး

နိုင်ငံတော်သမ္မတသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဇူလိုင် ၂၁ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော် တည်ဆောက် နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး အတွေးအခေါ် မှန်ကန်သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရန် အရေးကြီးကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

သံတမန်ဆက်ဆံရေး

ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ကာဇက်စတန်သမ္မတနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ် ကြီးများက ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

လွှတ်တော်ရေးရာ

ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တု (AI)နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဇူလိုင် ၂၁ ရက်တွင် သဘောတူအတည်ပြုခဲ့သည်။ ယင်းသို့ ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ AI နည်းပညာကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ကာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။

ငြိမ်းချမ်းရေး

ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ KNLA နှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သဖြင့် ဆုကြေးငွေများ ပေးအပ်ကာ မိဘများထံ ပြန်လည်လွှဲအပ်ခဲ့သည်။  ထို့ပြင်  တနင်္သာရီတိုင်းဒေသကြီးတွင် PDF အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လက်နက် ခဲယမ်းများနှင့်အတူ ဇူလိုင် ၂၄ ရက်တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာ ဆုကြေးငွေ စုစုပေါင်း ငွေကျပ် ၃၆၈ သိန်း ပေးအပ်ခဲ့သည်။

ပညာရေး

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၌ လာမည့်နိုဝင်ဘာလတွင် “နိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆”ကို နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာပညာရေးဖိုရမ် ကျင်းပခြင်းသည် ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရုံသာမက နိုင်ငံတကာနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည့် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

ကျန်းမာရေး

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဘိုးဘွားများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ အပန်းဖြေနားနေမှုနှင့် အသိပညာမျှဝေမှုများ ဆောင်ရွက်ပေးမည့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသစ်ကို ဇူလိုင် ၂၃ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။  

ဥပဒေရေးရာ

စားသုံးသူရေးရာဦးစီးဌာနက အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

ထို့ပြင်  အင်တာနက်လိုင်း  ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် စွမ်းဆောင်ရည်ကျဆင်းနေပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်   ဖြေကြားခဲ့သည်။ အသုံးပြုသူများအနေဖြင့် နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေး

ကချင်ပြည်နယ်အတွင်း    လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်စေရန် မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်းတွင် အမှတ် (၄၉) အဆန်နှင့် အမှတ်(၅၀) အစုန် ရထားခရီးစဉ်များကို ဇူလိုင် ၂၁ ရက်မှစတင်ကာ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်သည်။

ထို့ပြင် ရန်ကုန်-ပြည် လမ်းပိုင်းတွင် လေအေးပေးစက်ပါသည့် ခေတ်မီ DEMU လူစီးအမြန်ရထားများကို ဇူလိုင် ၃၁ ရက်မှစ၍ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားမှာ အထက်တန်းအတွက် ငွေကျပ် ၂၀၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၅၀၀၀ ဖြစ်ပြီး  ခရီးစဉ်တစ်လျှောက်   ၆  နာရီသာ  ကြာမြင့်မည်ဖြစ်သောကြောင့် နေ့ချင်းပြန် သွားလာနိုင်မည်ဖြစ်သည်။

လုံခြုံရေး

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် ခါမ်းပါတ်မြို့နယ်အတွင်းရှိ ကမ္မကြီးကျေးရွာများကို တပ်မတော်စစ်ကြောင်းများက ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

စွမ်းအင်

၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်အထက် ပေါင်းလောင်းစက်ရုံ၏ ပြုပြင်ခြင်းလုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးသို့ တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းခန့် ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ် ကြောင်း ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီး သွားခဲ့သည့် ဓာတ်အားခွဲရုံ ကိုးရုံနှင့် ထရန်စဖော်မာ ၈၆ လုံးကို ဇူလိုင် ၂၆ ရက် သတင်းအရ အမြန်ဆုံးပြန်လည်ပြုပြင်ပြီးနောက် လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေးနေပြီ ဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ် တွန်းဇံမြို့တွင်လည်း ဇွန် ၁၈ ရက်မှစတင်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ   လက်ရှိတွင်  ဌာနဆိုင်ရာရုံးများနှင့် ဓာတ်အားသုံးစွဲသူများထံ ဓာတ်အားပြန်လည်ပေးဝေနေပြီ ဖြစ်သည်။

အားကစား

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲတွင် မြန်မာအမျိုးသားလက်ရွေးစင်အသင်းသည် မလေးရှားအသင်းနှင့် ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF)နှင့် PUBG Mobile တို့ ပူးပေါင်းစီစဉ်သည့် “တက္ကသိုလ်ပေါင်းစုံ Varsity Esports Championship-2026” ပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်၌ ဇူလိုင် ၂၅ ရက်တွင် PUBG Mobile နှင့် Mobile Legend အားကစားနည်းများဖြင့် စတင်ကျင်းပခဲ့သည်။ 

အကြမ်းဖက်တိုက်ခိုက်မှု

ပခုက္ကူမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ်(၃၃၈)ကို အကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက်တွင် မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့တို့တွင် လျှပ်စစ်မီးများ ယာယီပြတ်တောက်သွားခဲ့သည်။

မှုခင်း

သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီအဖြစ် ပြောင်းလဲပြေးဆွဲနေသည့် YBS ခရီးသည် တင်ယာဉ် ၁၀ စီးကို ဇူလိုင် ၂၅ ရက်တွင် သတင်းရရှိချက်အရ ၎င်းတို့၏ CNG ဓာတ်ငွေ့ဖြည့်တင်းခွင့်ကို ရာသက်ပန် ပိတ်သိမ်းအရေးယူလိုက် သည်။

ထို့ပြင် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားပေါ်တွင် အခြားခရီးသည်များကို စိတ်ငြိုငြင်စေရန် ပြုမူခြင်းနှင့် အရက်သေစာ သောက်စားမူးယစ်ခြင်းများ ပြုလုပ်ခဲ့သည့် အမျိုးသားသုံးဦးကို ဇူလိုင် ၂၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။

မိုးလေဝသ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းလာခြင်းကြောင့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြို ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဇူလိုင် ၂၅ ရက် တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။