တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းမှသည် ပျော်ရွှင်လှပ လူမှုဘဝများဆီသို့ (၃)

သောင်းသိန်းမြတ် (မွေး/ကု)

သည်တစ်ခေါက် မြို့တက်ဖြစ်တော့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (မြို့နယ်ရုံး)ကို ဝင်ဖြစ်ခဲ့သည်။ ဒေါက်တာကြီးကိုလည်း သတိရမိလို့ပါ။ ရုံးရောက်တော့ ဒေါက်တာကြီးရှိလားခင်ဗျာလို့ မေးကြည့်လိုက်ရာ ‘ဟာ ကိုထွန်းမောင်ကြီး ဝင်ခဲ့ပါဗျာ’ ဆိုပြီး ဖော်ရွေပျူငှာစွာနဲ့ ကြိုဆိုတာကို ခံလိုက်ရပါသည်။

“လာဗျ ကိုထွန်းမောင်ရေ။ ထမင်းစားပြီးမှပြန် အေးဆေးပေါ့”

“ဟုတ်ကဲ့ပါ။ အချိန်ရရင်ဖြင့် ဆိတ်တွေ ထိန်းသိမ်းစောင့်ရှောက်ခြင်း အပိုင်းလေးကိုဆက်ပြီး ဆွေးနွေးပေးပါဦး”

“အဲဒါဆိုလည်း လိုက်သာမှတ်သားထားပေတော့ ကိုထွန်းမောင်ကြီးရေ။’’

“ဆိတ်တွေဟာ သဘာဝအရ လွတ်လပ်စွာနေလိုတဲ့ သဘောရှိတဲ့ဗျ။ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူ ရင်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာတတ်ကြပါတယ်။ ဆိတ်အုပ်တစ်အုပ်မှာ မွေးမြူထားတဲ့ ကောင်ရေပေါ်မူတည်ပြီး ဆိတ်ထီး (ဆိတ်သိုး)တစ်ကောင်ဟာ ဆိတ်မ ၂၅ ကောင်မှ ၃၀ လောက် အထိ ထိန်းသိမ်းနိုင်တာကို တွေ့ရတယ်ဗျ။ ဆိတ်အုပ်ကို ဆိတ်သိုးက ကြပ်မတ်ပေမယ့် အဓိက ထိန်းသိမ်းသူကတော့ ဆိတ်အုပ်ထဲက ဆိတ်မကြီး တစ်ကောင်ပဲ။ အဲဒီဆိတ်မကသာ ဆိတ်အုပ်ကို ထိန်းကျောင်းသွားလေ့ရှိတာပါ။ ဆိတ်မတွေ မွေးခါနီးအချိန်မှာ ဆိတ်သိုးကြီးက ဦးဆောင်ပြီး အောင်အောင်မြင်မြင် မွေးဖွားနိုင်အောင် အကာအကွယ်ပေးလေ့ရှိကြပါတယ်။ ဆိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ခွဲခြားစောင့်ရှောက်ရတဲ့ အပိုင်းလေးတွေရှိတယ်။”

“ ကိုယ်ဝန်ဆောင်ဆိတ်မများ ပြုစုစောင့်ရှောက်ခြင်းအပိုင်းကို ဆက်ပြောပြပေးမယ်ဗျာ။ ဆိတ်မ လေးတွေဟာ ရှစ်လခန့်မှာ အရွယ်ရောက်တယ်ဗျ။ အရွယ်ရောက်မှုဟာလည်း မိဘမျိုးရိုးနဲ့ ခန္ဓာကိုယ် ကြီးထွားမှု၊ ကျွေးမွေးတဲ့အစားအစာနဲ့ ရာသီဥတုအပေါ်မှာ မူတည်ပါတယ်။ မိတ်လိုက်လို့ သား အောင်တဲ့ဆိတ်မဟာ ပဋိသန္ဓေကာလ ငါးလခန့်မှာ ဆိတ်သားပေါက်လေး မွေးပါတယ်။ ဆိတ်မရဲ့ ကိုယ်ဝန်ဆောင်ကာလကတော့ ပျမ်းမျှအားဖြင့် ရက် ၁၅၀ ခန့် ကြာမြင့်ပါတယ်။”

“ ဇီးရှိတဲ့ ဆိတ်မကို ကိုယ်ဝန်နုတဲ့ကာလမှာ အခြားဆိတ်တွေနဲ့ရောပြီး လွှတ်ကျောင်းနိုင်ပါ သေးတယ်။ ဇီးရင့်ပြီး မွေးခါနီးတစ်ပတ်အလို လောက်မှာတော့ လွှတ်ကျောင်းရာသို့ မထည့်တော့ ဘဲ ဆိတ်တင်းကုပ်မှာသာ ထိန်းကျောင်းထားသင့်ပါတယ်။ ဒါပေမယ့် ဆိတ်မအတော်များများဟာ လွှတ်ကျောင်းကွင်းမှာသာ ဆိတ်ကလေးမွေးပြီး ညနေပိုင်း ဆိတ်ပြန်သွင်းတဲ့အချိန်မှသာ ဆိတ်တင်း ကုပ်ကို ပြန်လာတတ်တဲ့ အလေ့အထရှိလို့ ဆိတ်မွေးမြူသူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ဆိတ်မတွေကို စနစ်တကျ အလေးပေးဂရုစိုက်သင့်ပါတယ်။”

“ ကိုယ်ဝန်ဆောင်ဆိတ်မတွေကို အစာနုပုံမှန်စားစေဖို့ သီးခြားခွဲကျွေးမွေးသင့်ပါတယ်။ သား ပေါက်ခါနီး မွေးဖွားရက်စေ့တဲ့အချိန်မှာ အစာကိုလျော့ပြီး ကျွေးသင့်တယ်။ ဝမ်းပျော့စေမယ့်အစာ တွေဖြစ်တဲ့ ဂေါ်ဖီရွက်၊ ဆလတ်ရွက် စတဲ့ဟင်းရွက် စိမ်းများကိုလည်း ပိုမိုကျွေးသင့်ပါတယ်။ ‘ဆား’ ဟာ ဆိတ်အတွက် အရေးကြီးတဲ့ ဓာတ်အာဟာရဖြစ်လို့ ဆိတ်တစ်ကောင်အတွက် တစ်နေ့နှစ်ကျပ် သားခန့် ကျွေးသင့်ပါတယ်။ ဆိတ်မဇီးရင့်လို့ သားပေါက်ခါနီးရင်တော့ အစာစားရပ်ခြင်း၊ အမတန်ဆာ အင်္ဂါစပ်ရောင်ရမ်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အော်ဟစ်ခြင်း၊ လဲလျောင်းခြင်း၊ နို့အုံများ နို့ပြည့်ပြီး မာတင်းလာခြင်း၊ ညှစ်ကြည့်ရင် နို့ရည်ပျစ်တွေ ထွက်ခြင်း စတဲ့လက္ခဏာတွေကို တွေ့ရတတ်ပါ တယ်။”

“ အဲဒီ လက္ခဏာမျိုးတွေ တွေ့မြင်ရပြီဆိုရင်တော့ မွေးဖွားခါနီးပြီလို့ မှတ်ယူပြီး စားကျက်ကို လွှတ်ကျောင်းခြင်းမပြုတော့ဘဲ မြက်၊ ကောက်ရိုး စတဲ့ အစာကိုသာကျွေးပြီး မွေးဖွားဖို့ ပြင်ဆင် ပေးရတော့မှာ ဖြစ်ပါတယ်။ ဆိတ်မကြီး မွေးခါနီး နို့အိမ်အလွန်တင်းနေရင် လက်နဲ့ အနည်းငယ်ညှစ် ထုတ်ပေးသင့်ပါတယ်။ ဆိတ်မကြီးမွေးချိန်နဲ့ မွေးပြီးတစ်ပတ်ခန့်အတွင်းမှာ ဆန်ကွဲကို ကျိုပြီးသော် လည်းကောင်း၊ အစာနုကို ရေနဲ့အစာစို ကျွေးမွေးခြင်းဖြင့်သော်လည်းကောင်း အာဟာရဖြစ်စေမှာ ဖြစ်ပါတယ်။ ဆိတ်မကြီး မွေးဖွားပြီးချိန်မှာတော့ ဆိတ်ငယ်လေးအတွက် အခင်းကို ကောက်ရိုးမြက် ခြောက်များ ခင်းထားပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သမံတလင်းအခင်းဖြစ်နေရင်နွေးထွေးမှုရှိစေဖို့ မဖြစ်မနေ ခင်းကျင်းပေးထားရမှာ ဖြစ်ပါတယ်ဗျာ။’’

“ ဆိတ်ငယ်လေးတွေ ထိန်းသိမ်းပြုစုစောင့် ရှောက်ခြင်းအတွက်ကတော့ မွေးပြီးစ ဆိတ်ငယ် လေးတွေဟာ များသောအားဖြင့် သန်မာတတ်ကြတယ်။ မွေးမွေးပြီးချင်း သူ့ဘာသာသူ ထနိုင်ဖို့ ကြိုးစားတတ်ကြတယ်။ သန်မာစွာ မွေးဖွားလာတဲ့ ဆိတ်ငယ်တွေဟာ မွေးပြီးတာနဲ့ထပြီး မိခင်နို့ကို တွေ့အောင်ရှာတတ်တယ်။”

“ ဆိတ်မတမ်းမိခင်တွေမှအပ ဆိတ်မကြီးတွေဟာ သားငယ်ထနိုင်ဖို့ အကူအညီပေးတတ်ကြတယ်။ ဆိတ်ငယ်လေးကလည်း မိခင်နို့ကို တွေ့အောင်ရှာပြီး စို့လေ့ရှိတယ်။ အဲဒီလိုအခါမျိုးမှာ မွေးမြူသူ တွေဟာ ဆိတ်ငယ်လေး အမြန်နို့စို့ရဖို့ ကူညီပေးဖို့ လိုပါတယ်။ မွေးဖွားပြီး နာရီပိုင်း အတော်ကြာတဲ့ အထိ ဆိတ်ငယ်တွေဟာ မိခင်နို့မစို့ရဘဲ ခံနိုင်ရည်ရှိပေမယ့် မွေးပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ မိခင်နို့ စို့နိုင်စေဖို့ ဆောင်ရွက်ပေးသင့်ပါတယ်။”

“ ဆိတ်မကြီးရဲ့ နို့ဦးရည်ဟာ ဆိတ်ကလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရပဲဖြစ်ပါတယ်။ နို့ဦးရည်ဟာ ဆိတ်ငယ်ကလေး သာမန်ရောဂါတွေအတွက် ခံနိုင်စွမ်းရှိတဲ့ မိခင်ရဲ့ ကိုယ်ခံ စွမ်းအားတွေပါ ရရှိလာစေနိုင်တဲ့အပြင် ဆိတ်ငယ်ကလေး ဝမ်းပျော့ပျော့သွားစေနိုင်ခြင်းဖြင့် မိခင်ရဲ့ ဝမ်းတွင်းမှာ ရှိနေစဉ်ကာလမှာ ရှိခဲ့တဲ့ ငယ်ချေးတွေပါ ပါသွားစေနိုင်တာဖြစ်လို့ မွေးစဆိတ်ငယ်တွေ အတွက် နို့ဦးရည်သောက်သုံးမှုရရှိစေဖို့ စီမံ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်ဗျာ။”

“ ဆိတ်ငယ်ကလေး တစ်ပတ်သားအရွယ်ခန့် ရောက်လာတဲ့အခါမှာတော့ ဆိတ်အုပ်နဲ့အတူ လွှတ်ကျောင်းနိုင်ပြီ ဖြစ်ပါတယ်။ အချို့ဆိတ်မတွေ ဟာ တစ်သားကို နှစ်ကောင်မွေးမြူလေ့ရှိပါတယ်။ နှစ်ကောင်မွေးဖွားပါက ဆိတ်ငယ်နှစ်ကောင်စလုံး ဆိတ်မကြီးရဲ့ နို့ရည်ကို စနစ်တကျ သောက်စို့နိုင်ဖို့ စီမံဆောင်ရွက်ပေးရပါမယ်။”

“ကိုထွန်းမောင်ရေ ဆိတ်ငယ်လေးများကို နှစ်ပတ်သားအရွယ် ရောက်ချိန်မှာတော့ အစာနုနဲ့ မြက်ကို အလေ့အကျင့်ပြုလုပ်ပြီး စတင်ကျွေးမွေးရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် များသောအားဖြင့် ဆိတ်ငယ်လေးတွေဟာ အသက် ၆ ပတ်သားအရွယ်မှာ နို့ခွဲလေ့ရှိတာမို့ အစာနုစားတဲ့ အလေ့အကျင့် ရနေပြီဖြစ်လို့ ဆိတ်ငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကိုလည်း အနှောင့်အယှက်မဖြစ်စေတော့ဘဲ ကောင်းစွာ ဆက်လက်မွေးမြူနိုင်ကြတော့မှာဘဲ ဖြစ်ပါတယ်။”

“မိခင်မဲ့ ဆိတ်ငယ်ကလေးတွေကို ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်းကိုလည်း တစ်ခါတည်း ပြောပြပေးဦးမယ်ဗျာ။ ကိုထွန်းမောင်ကြီး အချိန်ကောရရဲ့မဟုတ်လား။ ထမင်းစားချိန်ရောက်ဖို့ နည်းနည်းလေး စောနေသေးတာဆိုတော့လေ”

“ ရပါတယ်‌။ ကျွန်တော်ကသာ အားနာနေမိတာပါ။ ပညာလည်းပေး ထမင်းလည်းကျွေးရသေးဆို တော့လေ။ နောက်များမှ ကျွန်တော်တို့ရွာကို ရောက်တဲ့အခါ တစ်လှည့်ပြန်လို့ ဧည့်ခံပါ့မယ် ခင်ဗျာ”

“ရပါတယ် ကိုထွန်းမောင်ရယ်။ ပြောနေရမယ့် သူတွေမဟုတ်ပါဘူး။ ဆက်ပြီးတော့ မှတ်သားလိုက် ပါဦးဗျာ”

“နို့စားဆိတ်တွေကို ကလေးမွေးပြီးနောက် သီးခြားခွဲ ပြုစုထိန်းသိမ်းစောင့်ရှောက်သလို တစ်စုံ တစ်ခုသောအကြောင်းတရားကြောင့် မိခင်ဆိတ်မကြီး သေဆုံးသွားတဲ့အခါ မွေးမြူသူတွေက ကျန်ခဲ့ တဲ့ ဆိတ်ကလေးတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အရေးကြီး တာကတော့ ဆိတ်ငယ်ကလေးခြောက်ပတ်သားအတွင်း နို့ကို စနစ်တကျ တိုက်ကျွေးဖို့ပဲ ဖြစ်ပါ တယ်။ ဆိတ်ငယ်လေးတွေကို နို့တိုက်ဖို့ နို့တိုက် နည်း နှစ်နည်းရှိပါတယ်။”

“ နို့သီးတံတပ်ထားတဲ့ နို့ပုလင်းနဲ့ နို့တိုက် ကျွေးခြင်းနဲ့ နို့ပုံးနဲ့ နို့တိုက်ကျွေးခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးအတွက် စနစ်တကျ လေ့ကျင့် တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ နို့ပုံးနဲ့ တိုက်ကျွေး ရာမှာ လေ့ကျင့်ပေးရမှာကတော့ ဆိတ်မွေးမြူသူရဲ့ လက်ညှိုးကို နို့ရည်အတွင်း အပေါ်သို့ အနည်းငယ် ဖော်ထားရမယ်။ ခွက်အတွင်း နို့ထည့်ပြီး မွေးမြူသူရဲ့ လက်တစ်ဖက်နဲ့ လက်ညှိုးထိပ်ကို ဆိတ်ငယ် ငုံမိအောင် ဆိတ်ရဲ့ဦးခေါင်းကို ဖိပေးရတယ်။”

“ ဆိတ်ငယ် လက်ညှိုးကို ငုံမိလို့ နို့အရသာတွေ့တဲ့အခါ နို့ရည်ကို ခွက်ထဲကနေ ဆက်စုပ်သောက် သုံးတတ်သွားမှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ နို့ခွက်၊ နို့ပုလင်း၊ နို့သီးခေါင်းတွေ သန့်သန့်ရှင်းရှင်း ဆေးကြောထားရှိပြီး အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နို့တိုက်တဲ့အခါမှာ ဆိတ်နို့၊ နွားနို့ (သို့မဟုတ်) ကျွဲနို့ကိုပါ အချိန်အဆခွဲပြီး တစ်ပတ်သားရောက်တဲ့အထိ တစ်နေ့လေးကြိမ် တိုက်ကျွေးသင့်ပါတယ်။ တစ်ပတ်သားကျော်ရင် အချိန်အဆပမာဏတိုးပြီး တစ်နေ့နှစ်ကြိမ်ပဲ အလေ့ အကျင့်နဲ့ တိုက်ကျွေးပြီး အစာနုကို စတင် ကျွေးမွေးရမှာဖြစ်ပါတယ်။”

“ကဲ လိုက်မှတ်ရတာ ညောင်းလှရောပေါ့။ အခုပြောခဲ့တဲ့အချက်တွေကတော့ ဆိတ်ထိန်းသိမ်း စောင့်ရှောက်ခြင်းတွေထဲက အကောင်းဆုံးအချက် အလက်တွေပါပဲ။ နောက်တစ်ခေါက်ကျမှ ဆိတ် ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေထဲက ကျန်နေတဲ့ အချက်အလက်လေးတွေ ဆက်ပြီးဆွေးနွေးပေး ပါဦးမယ်”

“ဟုတ်ကဲ့ ဗဟုသုတလည်းရပါတယ်။ လိုက်နာဆောင်ရွက်နိုင်ရင်တော့ ဆိတ်မွေးမြူသူတွေ အကျိုး စီးပွားဖြစ်ထွန်းမှာ အမှန်ပါပဲ။ ကျွန်တော်ကတော့ ဒေါက်တာကြီး အသိပညာပေးတဲ့အတိုင်း လိုက်နာ မွေးမြူသွားမှာပါခင်ဗျာ”

“ကောင်းပါတယ်။ ထမင်းသွားစားကြပါစို့ဗျာ။ ဪရွာပြန်တဲ့အခါ ဆိတ်မွေးမြူရေးနဲ့ပတ်သက် တဲ့ အသိပညာပေးလက်ကမ်းစာစောင်လေးတွေ ထည့်ပေးလိုက်ပါဦးမယ်။ ရွာမှာ လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ပါ”

“ဟုတ်ကဲ့ပါခင်ဗျာ” ဟု ပြန်လည်ဖြေကြားရင်း ဒေါက်တာကြီး တည်ခင်းသော နေ့လယ်စာထမင်း ဝိုင်း၌ ဆိတ်သားဟင်းလျာဖြင့်စားသုံးကာ အနာဂတ်ကာလများတွင် အောင်မြင်ဖြစ်ထွန်းလာမည် ဖြစ်သော ကျွန်တော်၏ တစ်ပိုင်တစ်နိုင်ဆိတ်မွေးမြူရေးခြံကလေးအကြောင်းစဉ်းစား၍ ပျော်ရွှင် ကြည်နူးနေမိပါတော့သည်။        ။