နေပြည်တော် အောက်တိုဘာ ၁၆
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NSPNC အကြံပေး အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှပါမောက္ခများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် မီဒီယာများ စုစုပေါင်း ၁၆၀ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသူများအား အဖွဲ့(၂)ဖွဲ့ခွဲ၍ နိုင်ငံရေးကဏ္ဍတွင် အဖွဲ့(၁)မှ “ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ် လေ့လာခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ သဘာပတိအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း(အငြိမ်းစား)က ဆောင်ရွက်ပြီး ဒေါက်တာအမ်ကောန်လနှင့် ဒေါက်တာသုတအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ စီးပွားရေးကဏ္ဍတွင် အဖွဲ့(၂)မှ “ငြိမ်းချမ်း ရေးနှင့်ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည် အသက်မွေးဝမ်း ကျောင်းအခွင့်အလမ်းများ မြှင့်တင်မှုအကြား အပြန်အလှန်ဆက်နွှယ်မှုနည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်အကူအညီများ ထိရောက်စွာဆောင်ရွက်နိုင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာသဘာပတိအဖြစ် ဗိုလ်ချုပ် စိုးနိုင်ဦး(အငြိမ်းစား)က ဆောင်ရွက်ပြီးဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာညိုညိုသင်းတို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် သဘာပတိများက အဖွင့်အမှာစကားများ ပြောကြားကြပြီး ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေး၍ တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားအား ကျင်းပရာသဘာပတိများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း(အငြိမ်းစား)နှင့် ဗိုလ်ချုပ်စိုးနိုင်ဦး(အငြိမ်းစား)တို့က ဆွေးနွေးချက် အကြောင်း အရာများအပေါ် အနှစ်ချုပ်ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က (၂)ရက်တာ ဆွေးနွေးမှုများမှ Top-down နှင့် Bottom-up ပေါင်းစပ်ပြီး Multiple Entry, One Process ဖြင့် အားလုံးပါဝင်အောင်ဖော်ဆောင်ရေး၊ NCA အနှစ်သာရကိုအခြေခံ၍ ပြုပြင်ပြောင်းလဲရေးနှင့် လက်တွေ့အကျိုးပြု ငြိမ်းချမ်းရေးကို ဆက်စပ်ဆောင်ရွက်နိုင်ရေး (Review-in-Action & Nexus Approach)၊ အဆင့်စုံဆွေးနွေးမှု (Multi-Level Dialogue) နှင့် လူထုအခြေပြု ကြားဝင်ညှိနှိုင်းမှု (Community- Led Mediation) ဖော်ဆောင်ရေး၊ အပြုသဘောဆောင်သော ငြိမ်းချမ်းရေး (Positive Peace) နှင့် ဒေသဖွံ့ဖြိုးရေး ချိတ်ဆက်ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို အပြန်အလှန်အကျိုးပြုစေခြင်း (Peace-Economy Nexus)နှင့် ဒေသတွင်းချိတ်ဆက် ဆောင်ရွက်ရေး၊ လူသားချင်းစာနာမှုအကူအညီများကို အသက်မွေးဝမ်းကျောင်းနှင့် ချိတ်ဆက်၍ ဒေသအလိုက်တည်ငြိမ်မှုရှိ အောင်ဖော်ဆောင်ရေးတို့အား အဓိကအနှစ်ချုပ်အဖြစ် သုံးသပ်တင်ပြပြီး ဆွေးနွေးမှုများမှရရှိသည့် အကြံပြုချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)မှ စိုင်းအိုက်ပေါင်း၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ နော်သဇင်တုပ်၊ ကယားပြည်နယ် ပြည်သူ့ပါတီမှ စောဒယ်နီယယ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ စောခွန်ကျော်ဝင်း၊ ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး တို့က အမှတ်တရကျေးဇူးတင်စကားများ ပြောကြား သည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်စကား ပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသူများက အချက်အလက်အပြည့်အစုံဖြင့် ဆွေးနွေးနိုင်ခဲ့ကြကြောင်း၊ ဆွေးနွေးမှုများအရ တိုင်းရင်းသားများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြပြီး အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လျက်ရှိကြကြောင်း၊ သဘာဝသယံဇာတများကို တည်ဆဲဥပဒေနှင့်အညီ စနစ်တကျထုတ်ယူသွား ကြရန်လိုကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဘုံရည်မှန်းချက်အဖြစ် ထားရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ခုတည်းသောလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ် မှုလုပ်ငန်းများရှိနေခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မီဒီယာများက အပြုသဘောဆောင်၍ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်းတို့အား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


