တစ်ကျော့ပြန် နျူကလီးယားနည်းပညာ(၂)

နီဇော်သစ်

နျူကလီးယားနည်းပညာသည် တစ်ကျော့ပြန်လာရာတွင် ရှေးရိုးစဉ်လာ ဖစ်ရှင်နည်းပညာမဟုတ်တော့ဘဲ ဖျူရှင်နည်းပညာအားပြိုင်မှုဖြစ်လာကြောင်း ရှေ့တစ်ပတ်က မိတ်ဆက်ခဲ့သည်။ ယခု ဖျူရှင်နည်းပညာက ဘယ်လိုမျိုးလဲဆိုသည်ကို အကြမ်းဖျင်းဆွေးနွေးတင်ပြပါမည်။  ၁၉၂၀ ပြည့်နှစ်တွင်  ရူပဗေဒဆရာကြီး အာသာအက်ဒင်တမ်က ဆရာကြီး အဲလ်ဘတ်အိုင်းစတိုင်း၏ ဒြပ်ထု-စွမ်းအင် ညီမျှခြင်းကိုသုံးပြီးနေသည် ဟိုက်ဒရိုဂျင်ကို ဟီလီယံအဖြစ်ပြောင်းလဲသည့်  နျူကလီးယားဖြစ်စဉ်မှ စွမ်းအင်များထုတ်ပေးနေသည်ဟု ပထမဆုံးစပြောခဲ့သည်။ ယင်းမှာ ဖျူရှင်သဘောတရားပင်။ နေ၏ ဗဟိုချက်တွင် ဖြစ်နေသောဖြစ်စဉ်ကို ကမ္ဘာပေါ်တွင် ဘယ်လိုအတုလုပ်မလဲဆိုသည်မှာ  ထိုအချိန်မှစ၍ သိပ္ပံပညာရှင်တို့ စဉ်းစားခဲ့ကြသည့်အချက်ဖြစ်သည်။

၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ အားနက်ရူသာဖို့ဒ်တို့လို ရူပဗေဒဆရာကြီးများက ဓာတ်ခွဲခန်းထဲတွင် အပေါ့စားနယူကလိယတို့ကို ပေါင်းစပ်နိုင်ဖို့ စတင်စမ်းသပ်ခဲ့ကြသည်။ ထိုနည်းလမ်းများကို ပြောမနေတော့ဘဲ ယနေ့ခေတ်တွင် ခေတ်စားနေသည့် တရုတ်နိုင်ငံ၏ နေအတုနည်းပညာအခြေခံကိုပဲ  တန်းသွားလိုက်ပါမည်။ ထိုနည်းပညာကို ၁၉၅၁ ခုနှစ်တွင် ရုရှားသိပ္ပံပညာရှင်များက စတင်ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ တိုကာမက် (tokamak)ဟုခေါ်သော မုန့်လက်ကောက်ပုံ ပိုက်လိုင်းကြီးထဲတွင် ပလာစမာများကိုလှည့်၍ အပူပေးပြီး နေ၏ ဗဟိုချက်လိုမျိုးဖြစ်အောင် အားထုတ်ခဲ့ကြ သည်။

ဤနေရာတွင် ပလာစမာအကြောင်း အနည်းငယ်ပြောရမည်ထင်ပါသည်။ ကျွန်တော်တို့ ကမ္ဘာပေါ်တွင် ဒြပ်ဝတ္ထုပစ္စည်းအားလုံးနီးပါးသည် လျှပ်စစ် ဓာတ်မဆောင်။ တစ်နည်းအားဖြင့် သွားကိုင်လျှင် ဓာတ်မလိုက်ဟုဆိုလိုသည်။ လျှပ်စစ်အားဖြင့် မျှခြေကျနေသည်။ အကြောင်းမှာ နယူကလိယထဲမှ ပရိုတွန်အရေအတွက်နှင့် သူတို့ကိုပတ်နေသော အီလက်ထရွန်အရေအတွက် တူညီ၍ဖြစ်သည်။ အခြေအားဖြင့် အစိုင်အခဲ၊ အရည်နှင့် အငွေ့၊ တစ်ခါ တစ်ရံ ဖယောင်းဆန်ဆန်အခြေများက များသည်။ နေ၏ဗဟိုချက်တွင်တော့ ထိုသို့မဟုတ်။ ကြီးမားသောအပူနှင့် ဖိအားတို့ကြောင့် အီလက်ထရွန်တို့သည် အက်တမ်ကို စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်ပြီး အပေါင်းဓာတ်ဆောင်သော နယူကလိယများသာကျန်ရှိသည်။ ယင်းအခြေကို ပလာစမာအခြေဟု ခေါ်ခြင်းဖြစ်သည်။  ကမ္ဘာပေါ်တွင်တော့ မိုးကြိုးပစ်လိုက်သည့်ပတ်ဝန်းကျင်၌ ထိုအခိုက်တွင် ပလာစမာအခြေများ ဖြစ်တည်သွားလေ့ရှိသည်။ သို့သော် မကြာခင်မှာပင် မျှခြေပြန်ဖြစ်သွားသည်။ ထို့ကြောင့် နေ၏ ဗဟိုချက်တွင် ဖြစ်နေသလို ဖျူရှင်ဖြစ်အောင်လုပ်ဖို့ ပလာစမာရူပဗေဒသည်  အဓိကနေရာမှ ပါဝင်လာသည်။

နေ၏ ဗဟိုချက်ဆိုသည်မှာ အလွန်ပူပြင်းသည့် ပတ်ဝန်းကျင်။ ထိုအပူမျိုးကို ကမ္ဘာပေါ်မှ မည်သည့်အရာကမျှမခံနိုင်။  ထို့ကြောင့်  ရုရှားသိပ္ပံပညာရှင် နှစ်ယောက်ဖြစ်သည့် အိုင်ဂေါတမ်းနှင့် အင်ဒရေ ဆက်ခါရော့ဗ်တို့က ၁၉၅၁ ခုနှစ်တွင် မုန့်လက်ကောက်ပုံ ပိုက်လိုင်းကြီးထဲသို့ ဓာတ်ငွေ့များကိုထည့်၊ ပလာစမာဖြစ်အောင်လုပ်ပြီး အလယ်ကနေ သံလိုက်ဖြင့်လှည့်ကာ အလွန်ပူသောပလာစမာတို့ကို နံရံနှင့်မထိအောင် ထိန်းချုပ်သည့်နည်းလမ်းကို စတင်စမ်းသပ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ ကမ္ဘာတစ်ဝန်း၌ တိုကာမက်စမ်းသပ်ချက်များ   သူ့နိုင်ငံနှင့်သူ ပေါ်ထွက်လာသည်။ ထိုစက်များအားလုံး တွင် ရုရှားဆရာနှစ်ယောက်၏ ၁၉၅၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သော တီ-၁ စက်က အစောဆုံးဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။

ကမ္ဘာပေါ်တွင် နေ၏ဗဟိုချက်လိုဖြစ်အောင်လုပ်နည်းကို အကြမ်းအားဖြင့် ယခုလိုပြောနိုင်သည်။ အရင်ဆုံး တိုကာမက်ထဲမှလေကို   ကုန်နိုင်သမျှ ကုန်အောင်ထုတ်ပြီး ဒူတီရီယမ်နှင့်  ထရစ်တီယမ်ဆိုသည့် ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်ဓာတ်ငွေ့များ ထည့်သည်။ ထို့နောက် တိုကာမက်၏ဗဟိုမှ ဆိုလီနွိုက်ဖြင့် ပတ်လမ်းထဲတွင် လျှပ်စစ်ဖြစ်လာအောင်လုပ်သည်။ ညှို့ခြင်းဖြင့် လျှပ်စစ်ဖြစ်စေခြင်း ဖာရာဒေးနိယာမကိုသုံးသည်။ လျှပ်စစ်သည် ဓာတ်ငွေ့များထဲမှ လွတ်လပ်အီလက်ထရွန်များကို စွမ်းအင်ပေးပြီး အရှိန်မြင့်စေသည်။ စွမ်းအင်မြင့် အီလက်ထရွန်များသည် ဒူတီရီယမ်၊ ထရစ်တီယန် အက်တမ်များကို ဝင်တိုက်ပြီး ထိုအက်တမ်များ၏ အီလက်ထရွန်များကို လွင့်ထွက်ကာ စွမ်းအင်မြင့် အီလက်ထရွန်များ ထပ်ဖြစ်လာစေသည်။ ဤနည်းဖြင့် အပူတက်လာသလို ပလာစမာအိုင်းယွန်းများ ဖြစ်တည်လာသည်။

ထို့နောက် ပတ်လမ်းကို သံလိုက်စွမ်းအင် ပေးလိုက်သည်။ အီလက်ထရွန်များနှင့် အိုင်းယွန်းများသည် ပြင်ပမှသက်ရောက်သည့်  သံလိုက်စက်ကွင်းကိုခံစားရသလို ကိုယ်တိုင်ရွေ့လျားမှုကြောင့် ဖြစ်လာသည့် သံလိုက်စက်ကွင်းကိုလည်း ခံစားရသည်။ ထိုသံလိုက်စက်ကွင်းနှစ်ခု ပေါင်းလိုက်ခြင်းသည် တိုကာမက်၏အလှတရားဟု ဆိုနိုင်သည်။ ပလာစမာစီးကြောင်းကြီးကို  မုန့်လက်ကောက်ပုံ ပိုက်လိုင်းအတိုင်း နံရံကိုမထိစေဘဲ လှည့်ပတ်စီးဆင်းစေနိုင်၍ပင်။ ပလာစမာစီးကြောင်းဖြစ်လာချိန်တွင် အီလက်ထရွန်များ ပိုမြန်လာသလို ဒူတီရီယမ်နှင့် ထရစ်တီယမ်အိုင်းယွန်းများကို ပိုတိုက်လာနိုင်ကာ အရွေ့စွမ်းအင်ကြောင့်ဖြစ်သည့် အပူကိုလည်း ဆက်လက်တိုးမြင့်လာစေသည်။ ဤနည်းဖြင့် နေ၏ ဗဟိုချက်အပူချိန်ကို ရအောင်လုပ်ခြင်းဖြစ်သည်။ တကယ်တမ်းတွင်   တိုကာမက်ထဲ၌  ဖြစ်နေသည့် အပူချိန်က  နေ၏ဗဟိုချက်ထက် ၁၀ ဆလောက် ပိုများရသည်။ အကြောင်းမှာ ဖျူရှင်ဖြစ်ဖို့လိုအပ်သည့်  နေ၏ဗဟိုချက်မှ ဒြပ်ဆွဲအားမျိုးမရှိ၍ပင်။ ဖိအားနည်းသောကြောင့် ဖျူရှင်ဖြစ်စေရန် အပူချိန်ပိုမြင့်ဖို့ လိုအပ်သည်။

သံလိုက်စက်ကွင်းနှစ်ခုကို သုံးပြီး ပလာစမာစီးကြောင်းကို နံရံနှင့်မထိအောင် ထိန်းထားသည်ဟု ဆိုသော်လည်း အလုံးစုံထိန်းနိုင်သည်တော့မဟုတ်။ အမှုန်အချင်းချင်း တိုက်မိမှု၊ ဂယက်များ၊ သံလိုက်စက်ကွင်း၏ အားနည်းချက်၊ ပလာစမာတို့၏ မတည်ငြိမ်မှု အစရှိသည်တို့ကြောင့် ပင်မ ပလာစမာစီးကြောင်းကြီးထဲတွင် ဆက်မနေဘဲ တဖြည်းဖြည်းချင်း နံရံဘက်ရွေ့လာသည့် အမှုန်များလည်းရှိသည်။ ယင်းတို့ကိုမူ ဒိုင်ဗာတာဆိုသည့် စက်တစ်မျိုးသုံးပြီး သံလိုက်ဖြင့်ပင် ထိန်းရသည်။

ပလာစမာစီးကြောင်း  ပုံမှန်လည်ပတ်စီးဆင်းသွားခြင်းသည် လိုအပ်သည့်အဖြေမဟုတ်သေး။ ရှေ့က ပြောခဲ့သလို အပူချိန်ကို   ဒီဂရီစင်တီဂရိတ် သန်း ၁၀၀ လောက်အထိဖြစ်လာအောင် လုပ်ဖို့လိုသည်။ ပလာစမာများ စီးဆင်းခြင်းမှ အပူထွက်ခြင်းသည် လျှပ်စစ်ကို ခုခံရာမှ ထွက်လာသည့်အပူ ဖြစ်သည်။   ပလာစမာပူလာလေလေ  လျှပ်စစ်ကို ခုခံအားကျဆင်းလေဖြစ်သည်။    ထို့ကြောင့် အပူဆက်ထွက်စေရန် ပြင်ပမှ အကူအညီပေးရသည်။ တစ်နည်းမှာ ဟိုက်ဒရိုဂျင်အက်တမ်များအရှိန်ဖြင့် ပစ်သွင်း ခြင်းဖြစ်သည်။ ထိုသို့ ပစ်သွင်းခြင်းဖြင့် ဟိုက်ဒရိုဂျင်အက်တမ်များသည် ပလာစမာအတွင်းရှိ အိုင်းယွန်းများနှင့် အီလက်ထရွန်များနှင့် စွမ်းအင်လွှဲပေးပြီး ပလာစမာကို ပိုမိုပူလာစေသည်။ နောက်တစ်နည်းမှာ လျှပ်စစ်သံလိုက်လှိုင်းပေးခြင်းဖြစ်သည်။ မိုက်ခရိုဝေ့နည်းဟုလည်း ခေါ်သည်။ လျှပ်စစ်သံလိုက်စွမ်းအင်ကို ပလာစမာက ရယူပြီး အပူစွမ်းအင်အဖြစ် ပြောင်းသည့်ပုံစံဖြစ်သည်။

ယခုလောက်ဆိုလျှင် နေ၏ဗဟိုချက်တွင် ဖြစ်နေသည့်  ဖျူရှင်သဘောတရားကို ကမ္ဘာပေါ်၌ လုပ်နိုင်အောင် လိုအပ်သည့်အပူချိန် ဘယ်လိုဖန်တီးသလဲဆိုသည့်အကြောင်း အကြမ်းဖျင်းသဘောပေါက် သွားကြလောက်ပါပြီ။   သို့သော်  ဖျူရှင်ကို မရောက်သေးပါ။ နောက်တစ်ပတ်တွင် ဖျူရှင်ဖြစ်ပုံနှင့် ထိုနည်းပညာတွင် မည်သည့်နိုင်ငံက မည်မျှတိုးတက်နေပြီဆိုသည့်အကြောင်းတို့ကို ဆက်လက်တင်ပြသွားပါမည်။