နီဇော်သစ်
နျူကလီးယားဖျူရှင် နည်းပညာအကြောင်း မိတ်ဆက်ခဲ့ရာတွင် ပြီးခဲ့သည့် အပိုင်း(၄)အထိ နေအတုနည်းပညာဟု လူသိများသော တိုကာမက်နည်းကိုဖော်ပြခဲ့ပါသည်။ ယခုတစ်ပတ်တွင်တော့ အမေရိကန်တို့၏ လေဆာဖျူရှင် နည်းပညာအကြောင်း မိတ်ဆက်ပါမည်။
၁၉၆၀ ပြည့်နှစ် လေဆာကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးကတည်းက အမေရိကန်သိပ္ပံပညာရှင်များက လေဆာကိုသုံးပြီး ဖျူရှင်ဖြစ်အောင် လုပ်နိုင်မလားဆိုသည်ကို စဉ်းစားခဲ့ကြသည်။ လေဆာဆိုသည်မှာ သာမန်အလင်းရောင်ထက် ပိုမိုတိကျစွာ ထိန်းချုပ်နိုင်သောအလင်းတန်းတစ်မျိုး။ သာမန်မီးလုံးမှ ထွက်လာသောအလင်းသည် အရပ်မျက်နှာ အမျိုးမျိုးသို့ ပျံ့နှံ့သွားသော်လည်း လေဆာအလင်းက အလင်းလှိုင်းများကို ဥဿုံညီစုစည်းပေးနိုင်သဖြင့် တိကျသော အလင်းတန်းတစ်ခုအဖြစ် ရရှိသည်။ လေဆာစွမ်းအင်ကို နေရာတစ်ခုတည်းသို့ အလွန်တိကျစွာ ပို့ဆောင်နိုင်သည်။
လေဆာဖျူရှင်လုပ်သည့်နည်းမှာ နည်းနည်းတော့ရှုပ်သည်။ အရင်ဆုံး ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်များဖြစ်သော ဒူတီရီယံနှင့် ထရစ်တီယံတို့ကို အလွန်နိမ့်သော အပူချိန်အောက်တွင် အေးခဲအောင်လုပ်ပြီး အချင်းနှစ်မီလီမီတာခန့်ရှိ သိပ်သည်းဆမြင့် ကာဗွန် သို့မဟုတ် စိန်သားအလုံးလေးထဲတွင် ညီညီ ညာညာဖြန့်ထည့်ထားသည်။ ထိုအရွယ်အစားအရ အကြမ်းဖျင်းတွက်ကြည့်လျှင် စက်လုံးလေးထဲ၌ ဒူတီရီယံ-ထရစ်တီယံ အတွဲပေါင်း ၂၄ ကွင်တီလီယံ ဝန်းကျင် ပါဝင်သည်။ ထိုစိန်လုံးလေးကို ထုလုံးရှည်ပုံ ရွှေကြုတ်လေးထဲသို့ထည့်သည်။ ရွှေကြုတ်လေးမှာ မြင်သာအောင်ပြောရလျှင် ခဲတံဖင်မှ ခဲဖျက်အရွယ် လောက်ရှိသည်။ ပြီးမှ လေဆာနှင့်ပစ်သည်။ လက်ရှိ အမေရိကန်အမျိုးသားလေဆာ လောင်ကျွမ်းဓာတ်ခွဲခန်းတွင် လေဆာရောင်ခြည်တန်းပေါင်း ၁၉၂ ခုဖြင့် ပတ်ပတ်လည်မှပစ်သည်။
လေဆာလောင်ကျွမ်းဖျူရှင်နည်းပညာဟု ဆိုသည့်တိုင် တကယ်တမ်းတွင် ဒူတီရီယံနှင့် ထရစ်တီယံတို့ကို လေဆာဖြင့် တိုက်ရိုက်ပစ်ခြင်းမျိုး မဟုတ်။ အပြင်ဘက်ရှိ ရွှေကြုတ်လေးထဲမှ ရွှေအက်တမ်များက လေဆာရောင်ခြည်ကိုစုပ်ယူ ပြီး အလွန်အားပြင်းသော ဓာတ်မှန်ရောင်ခြည်(X-rays)များ ထုတ်လွှတ်ပေးကာ စိန်လုံးလေးထဲရှိ ဒူတီရီယံနှင့် ထရစ်တီယံတို့ကို ဖိသိပ်သွားအောင် လုပ်ခြင်းမျိုးဖြစ်သည်။ ထိုသို့ဖိသိပ်ခြင်းအားဖြင့် ဒူတီရီယံနှင့် ထရစ်တီယံတို့ ပေါင်းသွားပြီး ဟီလီယံနယူကလိယ တစ်ခု၊ နျူထရွန်တစ်လုံးနှင့် စွမ်းအင် ၁၇ ဒသမ ၆ မဂ္ဂါ အီလက်ထရွန်ဗို့ ထွက်လာလျှင် လေဆာဖျူရှင်သဘောတရားအောင်မြင်သည်။
အမေရိကန်ပြည်ထောင်စု၏ လောရင့်လီဗာမိုး အမျိုးသားဓာတ်ခွဲခန်းတွင် ၁၉၇၄ ခုနှစ်ကတည်းက ဂျန်းနက်စ်လေဆာကို သုံးပြီး ဖျူရှင်လုပ်နိုင်ဖို့ စမ်းသပ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ထိန်းချုပ်သာမိုနျူကလီးယား တုံ့ပြန်မှုကိုလုပ်ဆောင်နိုင် ခဲ့သည်။ ဆိုလိုသည်မှာ စိန်လုံးထဲရှိ ဒီ-တီ လောင်စာတို့ကို ဖိသိပ်နိုင်ပြီ။ ၁၉၇၇ ခုနှစ် ရှီဗာလေဆာကိုသုံးပြီး ဖိသိပ်မှု ဆိုင်ရာ ရူပဗေဒကို ပိုမိုလေ့လာနိုင်ခဲ့၏။ ၁၉၈၆ ခုနှစ် နိုဗာလေဆာနှင့် စမ်းသပ်ရာတွင်မူ လေဆာဖျူရှင် မှတ်တမ်းတစ်ခုတင်နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဒီ-တီလောင်စာတို့ကို မူလအရွယ်အစား၏ သုံးပုံတစ်ပုံအထိကျုံ့သွားအောင် ဖိသိပ်နိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် လောရင့်လီဗာမိုး အမျိုးသားဓာတ်ခွဲခန်း၏ အမျိုးသားလေဆာ လောင်ကျွမ်းဓာတ်ခွဲခန်း(အင်န်အိုင်အက်ဖ်)ကို စတင်တည်ဆောက်ပြီး ၂၀၀၉ ခုနှစ်မှစ၍ လေဆာဖျူရှင်နည်းကို စမ်းသပ်လာခဲ့ရာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။
ဤနေရာတွင် အချိတ်အဆက်ပြန်မိစေရန် ရှေ့အပိုင်းများနှင့် ပြန်ချိတ်ပါမည်။ နျူကလီးယား ဖျူရှင်နည်းပညာဆိုသည်မှာ ပမာဏကြီးမားသော စွမ်းအင်တို့ကို အဆက်မပြတ်ထုတ်လွှတ်ပေးနေသည့် နေ၏ဗဟိုချက်မှ ဟိုက်ဒရိုဂျင်နှစ်လုံးပေါင်းပြီး ဟီလီယံနယူကလိယနှင့် စွမ်းအင်တို့ထွက်စေသော ဖျူရှင်သဘောကို ကမ္ဘာပေါ်တွင်သုံးပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် ရည်မှန်းထားသည့်နည်းပညာ။ မြေကမ္ဘာပေါ်တွင်တော့ ဟိုက်ဒရိုဂျင်နှစ်လုံး မပေါင်းဘဲ ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်နှစ်မျိုးဖြစ်သည့် ဒူတီရီယံနှင့် ထရစ်တီယံကို ပေါင်းဖို့ကြိုးစားသည်။
နေ၏ဗဟိုချက်တွင် ကြီးမားသော ဒြပ်ဆွဲအားကြောင့်ဖြစ်လာသည့် ဖိသိပ်မှုက သာမိုနျူကလီးယားပတ်ဝန်းကျင်ကို ဖြစ်စေကာ ဖျူရှင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ထိုမျှကြီးမားသော ဒြပ်ဆွဲအားမျိုးမရှိ။ ထို့ကြောင့် တိုကာမက်နည်းတွင် ပလာစမာအခြေတစ်ခုဖြစ်အောင်ဖန်တီးကာ နေ၏ဗဟိုချက်ထက် ၁၀ ဆလောက်ပိုပူသော ပတ်ဝန်းကျင်တွင် ဖျူရှင်ဖြစ်အောင်လုပ်သည်။ ယခု လေဆာလောင်ကျွမ်းနည်းက အေးခဲထားသော ဒူတီရီယံနှင့် ထရစ်တီယံများကို စိန်လုံးထဲတွင် ဖိသိပ်ပြီး ဖျူရှင်ဖြစ်အောင်လုပ်သည်။ ယင်းမှာ ဖျူရှင်ဖြစ်စေသည့် အခြေခံအကြောင်းရင်းတို့ကို ရှင်းနိုင်သမျှ ရှင်းအောင် ဆွေးနွေးကြည့်ခြင်းဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ဖန်တီးရာ၌ မည်သည့်နည်းလမ်းတွင်မဆို ပေးလိုက်ရသောစွမ်းအင်ထက် ပြန်ရသော စွမ်းအင်က ပိုများအောင်လုပ်ဖို့လိုသည်။ သို့မှသာ လျှပ်စစ်ထုတ်ခြင်းက အဓိပ္ပာယ်ရှိမည်။ ထို့ကြောင့် နှစ်နည်းလုံးတွင် ဖျူရှင်ကြောင့် ဖြစ်လာသည့် ဟီလီယံနယူကလိယ သို့မဟုတ် အယ်လ်ဖာအမှုန်က ပတ်ဝန်းကျင်ရှီ ဒီ-တီများကို အပူဆက်ပေးပြီး ဖျူရှင်ဆက်ဖြစ်အောင် လုပ်ပေးနေဖို့လိုသည်။ ဆိုလိုသည်မှာ တိုကာမက်နည်းဖြစ်စေ၊ လောင်စာနည်းဖြစ်စေ အရင်ဆုံး ဖျူရှင်ဖြစ်သွားပြီး အယ်လ်ဖာအမှုန်နှင့် စွမ်းအင်ထွက်လာဖို့က အခြေခံ။ ထိုမှထွက်လာသည့် အယ်လ်ဖာအမှုန်က နောက်ထပ် ပြင်ပစွမ်းအင် ထပ်ပေးစရာမလိုဘဲ ပတ်ဝန်းကျင်ရှိ ဒီ-တီများကို ဖျူရှင်ဆက်ဖြစ်စေခြင်းက ဒုတိယအဆင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။
၂၀၂၂ ခုနှစ်တွင် အင်န်အိုင်အက်ဖ်က လေဆာအတွက် စွမ်းအင် ၂ ဒသမ ၀၅ မဂ္ဂါဂျိုးလ်ပေးထားပြီး ဖျူရှင်ဖြစ်စဉ်မှ ၃ ဒသမ ၁၅ မဂ္ဂါဂျိုးလ်လောက် ပြန်ထုတ်နိုင်သဖြင့် စွမ်းအင်ပိုထွက်လာသော လေဆာဖျူရှင်ဖြစ်စဉ်ကို ပထမဆုံးလုပ်ပြ နိုင်ခဲ့သည်။ လေဆာဖျူရှင် သမိုင်းတွင် နှစ်ပေါင်း ၆၀ နီးပါး ကြိုးစားလာခဲ့သည့်အိပ်မက်ကို ပထမဆုံး လက်တွေ့ပြသနိုင်ခဲ့ခြင်းလည်းဖြစ်၏။ သို့သော် ယင်းမှာ လေဆာသက်သက် စွမ်းအင်နှင့် ပြန်ရသော ဖျူရှင်စွမ်းအင်နှိုင်းယှဉ်ချက်မျှသာ။ လေဆာဖြစ်လာအောင် ပေးထားရသောစွမ်းအင်များမှာ ထိုထက်မက။ ၂၀၂၅ ခုနှစ်တွင် လေဆာအတွက် ၂ ဒသမ ၀၈ မဂ္ဂါ ဂျိုးလ်ပေးပြီး ၈ ဒသမ ၆ မဂ္ဂါဂျိုးလ်အထိ ပြန်ထုတ်နိုင်နေပြီဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိ ကမ္ဘာ့ဖျူရှင်နည်းပညာပြိုင်ဆိုင်မှုတွင် ဖျူရှင်ဖြစ်ပြီး စွမ်းအင်ထုတ်သည့် အဆင့်အထိတော့ နည်းနှစ်နည်းလုံးက လုပ်နိုင်နေပြီ။ သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံအထိဖြစ်ဖို့တော့ နီးလာပြီဟုဆိုနိုင်သည့်တိုင် တော်တော်ဝေးဝေး ကျန်နေပါသေးသည်။ လျှပ်စစ်ထုတ်ရာတွင် ထုံးစံအတိုင်း ထွက်လာသည့်အပူဖြင့် ရေများကို ရေနွေးငွေ့ဖြစ်စေပြီး တာဘိုင်များကိုလည်ပတ်စေသည့်နည်းလမ်းကို အများအားဖြင့် သုံးကြဖို့ရှိနေသည်။ သို့သော် အမေရိကန်ကုမ္ပဏီတစ်ခုက ဖျူရှင်ပါဝါမှ သံလိုက်သဘောတရားကိုသုံးပြီး ညှို့ခြင်းဖြင့် လျှပ်စစ်ထွက်စေသည့် နည်းလမ်းကိုသုံးရန် ကြံစည်နေသည်။ ဟီလီယိုဆိုသည့် ကုမ္ပဏီဖြစ်သည်။
ကျွန်တော်က အတော်ဝေးဝေးကျန်နေသေးသည်ဟု ပညာရှင်အတော်များများ သုံးသပ်သည့် အတိုင်းပြောသော်လည်း လက်တွေ့တွင် တရုတ်နိုင်ငံ ၏ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်နှင့် ဟီလီယိုကုမ္ပဏီ၏ ၂၀၂၈ ခုနှစ် ရည်မှန်းချက်တို့မှာ အံ့ဩဖွယ်ရာများအဖြစ်ရှိနေသည်။ နိုင်ငံကြီးနှစ်နိုင်ငံအနေဖြင့် ဖျူရှင်မှ စီးပွားဖြစ်လျှပ်စစ်ထုတ်လုပ်ခြင်းကို ဘယ်သူအရင်ရမလဲ ပြိုင်ဆိုင်လိုဟန်လည်းရှိသည်။ ထိုအကြောင်းများကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။


