နီဇော်သစ်
အထွေထွေသုံးနည်းပညာဟု ဆိုနိုင်သည့် General-Purposed Technology များ၏ ပျံ့နှံ့လွှမ်းမိုးနိုင်စွမ်းကို ကန့်သတ်ထိန်းချုပ်၍မရနိုင်ဟု ဆိုလေ့ရှိကြသည်။ နည်းပညာသမိုင်းတစ်လျှောက်တွင်လည်း ထိုအတိုင်းမြင်တွေ့ခဲ့ရသည်။ အထွေထွေသုံးနည်းပညာတို့၏ ပျံ့နှံ့မှုနှင့် ပါဝါပြန်လည်ဖြန့်ဝေ မှုတို့သည် လူသားတို့၏ လက်ရှိနေထိုင်မှုအဆင့်အတန်းဆီသို့ တွန်းတင်ပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။ သို့သော် ခြွင်းချက်တော့ရှိပါသည်။ ယင်းမှာ နျူကလီးယားနည်းပညာ။ နျူကလီးယားနည်းပညာ၏ ပျံ့နှံ့လွှမ်းမိုးမှုကိုတော့ လူသားတို့ ကန့်သတ်ထိန်းချုပ်နိုင်ခဲ့ကြသည်။
ဟီရိုရှီးမားနှင့် နာဂါစကီမြို့နှစ်မြို့ပေါ်သို့ ကျရောက်ခဲ့သည့် အက်တမ်ဗုံး နှစ်လုံး၊ ချာနိုဘိုင်းမှသည် ဖူကူရှီးမားအထိ မတော်တဆဖြစ်ရပ်များ၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်များသည် ကမ္ဘာတစ်ဝန်းရှိ လူသားတိုင်းကို နျူကလီးယားအိပ်မက်ဆိုး မက်စေခဲ့သည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားပြီးသားနိုင်ငံကြီးများ၏ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်များကို အားပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နျူကလီးယားစွမ်းအင်အသုံးပြုမှုအပေါ် ထိန်းချုပ်စောင့်ကြည့်မှုကို တညီတညွတ်လက်ခံခဲ့ကြသည်။ ထို့ကြောင့် ကြီးမားသောစွမ်းပကားရှိသည့် နည်းပညာတစ်ခုမှာ ပျံ့နှံ့လွှမ်းမိုးချိန်မရလိုက်ဘဲ ကန့်သတ်ထိန်းချုပ် ခံလိုက်ရသည်။ သို့သော် ပတ္တမြားမှန်လျှင် နွံမနစ်ပါ။ တစ်ချိန်က နျူကလီးယားနည်းပညာကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသူများပင်လျှင် ယခုလည်ပြန်လှည့်ကြည့်လာကြရပြီဖြစ်သည်။
ပဉ္စလက်ဆန်ပြီး နေမှအပဖြစ်သော စွမ်းအင်ကို ထုတ်ပေးနိုင်သည့် နည်းပညာတစ်ခု ထိန်းချုပ်မှုများအောက်တွင် မလူးသာမလွန့်သာဖြစ်နေသည့်တိုင် တစ်ချိန်ချိန်တွင် မဖြစ်မနေပြန်သုံးရမည်ဟု ကျွန်တော် ယခင်ကတည်းက ယုံကြည်ထားခဲ့သည်။ ယခုအေအိုင်ခေတ်တွင် တကယ်ဖြစ်လာပြီ။ အေအိုင်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းတစ်လျှောက်တွင် အလွန်များပြားသော အချက်အလက်များကို သုံးခဲ့ရသည်။ ထိုအချက်အလက်များကို မောင်းနှင်ဖို့ စွမ်းအင်လိုအပ်ချက်ကလည်း ကြီးမားသည်။ ထပ်ပြီး အေဂျီအိုင်အဆင့်သို့ တက်ဖို့ဆိုလျှင် ပိုမိုများပြားသည့် အချက်အလက်များနှင့် ပိုမိုများပြားသော စွမ်းအင်တို့ လိုအပ်လာပြီ။ သန့်စင်သော ပြန်ပြည့်မြဲစွမ်းအင်တို့သည် ၂၄ နာရီ ခုနစ်ရက် အဆက်မပြတ်လိုအပ်လာမည့် ထိုမျှသောစွမ်းအင်ပမာဏကို ကာမိနိုင်စရာအကြောင်းမရှိ။ လက်ရှိတွင် အေအိုင်လုပ်ငန်းကြီးများက ဖျူရှင်နည်းပညာဘက်ကို ယိမ်းလာသောကြောင့် ထိုသို့ဆိုရခြင်းဖြစ်သည်။ တကယ်တော့ စွမ်းအင်လိုအပ်သည်မှာ နယ်ပယ်တိုင်းပင်။ ထို့ကြောင့် နျူကလီးယားဘက်သို့ ခြေဦးပြန်လှည့်လာသည်။ သို့သော် ယခင်ကလို ဖစ်ရှင်နည်းပညာမဟုတ်၊ ဖျူရှင်နည်းပညာ။ ကွဲထွက်စွမ်းအင်မဟုတ်၊ ပေါင်းစည်းစွမ်းအင်။
ထိုနျူကလီးယားသဘောတရားတစ်ခုကို အလွယ်တကူနှိုင်းယှဉ်သဘောပေါက်နိုင်ရန် ဗုံးများကို ယှဉ်ပြခြင်းက ပိုထိရောက်မည်ဟု ထင်ပါသည်။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေဖို့ သုံးခဲ့ကြသည့် အက်တမ်ဗုံး နှစ်လုံးသည် ဖစ်ရှင် သို့မဟုတ် ကွဲထွက်နျူကလီးယားသဘောတရားကို သုံးထားခြင်းဖြစ်သည်။ တမြန်နှစ်က နာမည်ကျော် ဒါရိုက်တာကြီး ခရစ္စတိုဖာ နိုလန်၏ အိုပင်ဟိုင်မာ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖြစ်လိုက်သူများဆိုလျှင် ပိုပြီးသဘောပေါက်လွယ်ပါလိမ့်မည်။ မန်ဟက်တန်စီမံကိန်း ကာလအတွင်း ရောဘတ်အိုပင်ဟိုင်မာတို့ ကွဲထွက်နျူကလီးယားဖြစ်စဉ်ကို သုံးပြီး အက်တမ်ဗုံးတစ်ခု ပထမဆုံးပေါ်ထွက်လာအောင် အားထုတ်နေချိန်တွင် သူနှင့်တွဲဖက် အက်ဒွပ်တယ်လာက အက်တမ်ဗုံးဆက်လုပ်မနေဘဲ ဟိုက်ဒရိုဂျင်ဗုံးလုပ်ဖို့ တွန်းအားပေးသည်ကို ထိုဇာတ်ကားထဲတွင် မြင်တွေ့ခဲ့ရပါလိမ့်မည်။ အိုပင်ဟိုင်မာက လက်မခံ၍ စီမံကိန်းထဲမှ နုတ်ထွက် သွားခဲ့သည်။ အိုပင်ဟိုင်မာက အက်တမ် ဗုံး၏ဖခင်ဖြစ်လာသလို နောက်ပိုင်းတွင် တယ်လာသည် ဟိုက်ဒရိုဂျင်ဗုံး၏ ဖခင်ဖြစ်လာသည်။ ဟိုက်ဒရိုဂျင်ဗုံးသည် ဖျူရှင် သို့မဟုတ် ပေါင်းစည်းနျူကလီးယားနည်းပညာကို သုံးထားခြင်းဖြစ်သည်။
အဆိုပါ ဗုံးလုပ်သည့် နည်းပညာကို စီးပွားဖြစ် အရပ်သုံးနည်းပညာဖြစ်အောင် ပြောင်းယူရာတွင် ထိန်းချုပ်မှုများလိုလာသည်။ ကွဲထွက်နျူကလီးယားဖြစ်စဉ်တွင် သန့်စင်ပြီးယူရေနီယံပမာဏတစ်ခု လိုအပ်သည်။ ပမာဏပြည့်ဝလျှင် အလိုအလျောက်ပြိုကွဲသည်။ ယူရေနီယံအက်တမ် နှစ်ခြမ်းကွဲ သွားပြီး နျူထရွန်သုံးလုံးထွက်လာကာ ထိုသုံးလုံးက နောက်ထပ် ယူရေနီယံအက်တမ်သုံးလုံးကို ထပ်ပြီးပြိုကွဲစေသည်။ ထိုသို့ ဆပြန်တက်ပြီး ပြိုကွဲခြင်းသည် အက်တမ်ဗုံးပေါက်ကွဲမှုကို ဖြစ်စေသည်။ ဓာတ်ပေါင်းဖိုထဲတွင်တော့ ထိုသို့ ဆပြန်မတက်စေရန် မော်ဒရေတာဟုခေါ်သည့် ရေများနှင့် ထိန်းချုပ် သတ္တုချောင်းများ ထည့်ပေးထားသည်။ မော်ဒရေတာများက နျူထရွန်၏အရှိန်ကို နှေးစေသည်။ ထိန်းချုပ်သတ္တုချောင်းများက ထွက်လာသော နျူထရွန်အများစုကို စုပ်ယူလိုက်၍ ကွင်းဆက် တုံ့ပြန်မှုဟုဆိုနိုင်သော Chain Reaction မှာ အားနည်းသွားသည်။ ဗုံးတစ်ခုလို မပေါက်ကွဲသည့် တိုင် အပူစွမ်းအင်အများအပြားထွက်လာသည်။ အလွန်အမင်း ပူပြင်းမှုကိုကာကွယ်ရန် ရေဖြင့် အအေးခံပေးရ၏။ ထိုရေများဆူပွက်ပြီး တာဘိုင်ကြီးများကို မောင်းနှင်ခြင်းဖြင့် လျှပ်စစ်ထွက်လာသည်။ ယင်းမှာ ထုံးတမ်းစဉ်လာ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကို ခြေယမ်းလက်ယမ်းနည်းဖြင့် မြင်သာအောင် ရှင်းပြခြင်းဖြစ်ပါသည်။ လက်တွေ့တွင် ထို့ထက်မက ရှုပ်ထွေးသလို သုံးသည့်နည်းကွဲများလည်း အများအပြားရှိပါသည်။ အဓိကပြဿနာမှာ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း အများအပြားထွက်လာခြင်းဖြစ်သည်။ ယင်းတို့ကို ဘေးကင်းအောင် စွန့်ပစ်ဖို့က အလွန်အရေးကြီးသလို ခက်လည်းခက်လှသည်။
နျူကလီးယားပေါင်းစည်းသည့် နည်းမှာမူ ယူရေနီယံလို အက်တမ်ကြီးများကို ကွဲထွက်စေခြင်း၏ ဆန့်ကျင်ဘက် အသေးဆုံးအက်တမ်ဖြစ်သည့် ဟိုက်ဒရိုဂျင်အက်တမ်နှစ်လုံးကိုပေါင်းပြီး ဟီလီယံ အက်တမ်တစ်လုံး ပေါ်ထွက်လာစေခြင်းဖြစ်သည်။ အလွယ်ပြောပါမည်။ ဟိုက်ဒရိုဂျင်အက်တမ် နှစ်လုံးပေါင်းပြီး ထွက်လာသည့် ဟီလီယံအက်တမ်သည် မူလအက်တမ်နှစ်လုံးပေါင်းအောက် ဒြပ်ထုလျော့သွားသည်။ ထိုလျော့သွားသော ဒြပ်ထုမှာ စွမ်းအင်အဖြစ် ထွက်လာသည်။ ကျွန်တော်တို့၏ အသက်သွေးကြောဖြစ်သည့်နေသည် ထိုနည်းဖြင့် စွမ်းအင်များကို ထုတ်လွှတ်ပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဖျူရှင်နည်းပညာကို သုံးခြင်းသည် ကမ္ဘာပေါ်တွင် နေလေးတစ်လုံး ဖန်တီးခြင်းလည်းဖြစ်သည်။ ထိုနည်းပညာကို ဟိုက်ဒရိုဂျင်ဗုံးလို ပေါက်ကွဲမသွားစေဘဲ ထိန်းချုပ်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့သည် ထိန်းချုပ်နျူကလီးယား ဖျူရှင်နည်းပညာ၏ ရည်မှန်းချက်ဖြစ်သည်။
ဟိုက်ဒရိုဂျင် နှစ်လုံးပေါင်းသည်ဟုဆိုသော်လည်း လက်တွေ့ဖျူရှင်ဓာတ်ပေါင်းဖိုများတွင် ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်နှစ်မျိုးဖြစ်သော ဒူတီရီယံနှင့် ထရစ်တီယံ နှစ်လုံးကို ပေါင်းစည်းစေသည်။ ဒူတီရီယံနှင့် ထရစ်တီယံတို့သည် ဟိုက်ဒရိုဂျင်ထက် နျူထရွန်တစ်လုံး၊ နှစ်လုံးစီ ပိုများသောကြောင့် ပေါင်းစည်းချိန်တွင် နျူထရွန်တစ်လုံးနှင့် စွမ်းအင်ထွက်လာသည်။ ပေါင်းရာတွင်လည်း သာမန်အခြေအနေတွင် ပေါင်း၍မရ။ နေ၏ ဗဟိုချက်လိုမျိုး အပူအလွန်မြင့်မားသည့် သာမိုနျူကလိယဟုခေါ်သော ပတ်ဝန်းကျင်တစ်ခုအတွင်းတွင်သာ ဖြစ်နိုင်သည်။ ထို့ကြောင့် ပေါင်းစည်းနျူကလီးယားဖြစ်စဉ်အတွက် သာမိုနျူကလိယပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုသည်။ ဗုံးလုပ်တုန်းက ပြဿနာမရှိ။ အက်တမ်ဗုံးကိုအရင်ခွဲပြီးဖြစ်လာသည့် သာမိုနျူကလိယ ပတ်ဝန်းကျင်တွင် ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်လိုက်ခြင်းဖြစ်သည်။ ယူရေနီယံသည် ပမာဏပြည့်သည်နှင့် ပြိုကွဲသောကြောင့် ဗုံးထဲတွင် သုံးပိုင်းခွဲထားရသည်။ ဖောက်ခွဲသည့်အချိန်တွင်မှ တီအင်န်တီ ယမ်းကိုသုံးပြီး သုံးပိုင်းပေါင်းမိအောင် လုပ်သည်။ ထို့ကြောင့် တီအင်န်တီသည် အက်တမ်ဗုံး၏ စနက်တံ၊ အက်တမ်ဗုံးသည် ဟိုက်ဒရိုဂျင်ဗုံး၏ စနက်တံဟုပင် အဆိုရှိခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံက သူတို့၏ နေအတုစီမံကိန်း သမိုင်းတစ်ဆစ်ချိုး တိုးတက်ပြောင်းလဲနိုင်ခဲ့ပြီဟု ထုတ်ဖော်ခဲ့ကြသည်။ နေအတုမှာ ရှေ့ကပြောခဲ့သည့် နည်းပညာဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စူပါလျှပ်ကူးသံလိုက်ကြီးကိုဖန်တီးပြီး ပလာစမာအမှုန်များကို ဆွဲလှည့်ကာ ဖျူရှင်ဖြစ်စေခြင်းဖြင့် ကမ္ဘာပေါ်တွင် နေအတုဖန်တီးလိုက်ခြင်း ဖြစ်သည်။ ပထမအဆင့်တုန်းကလည်း နေအတုကို စက္ကန့် ၁၀၀၀ ကျော်ကြာသည်အထိ ထိန်းပြပြီး သမိုင်းမှတ်တမ်းတင်ခဲ့သည်။ ယခုအဆင့်မှာ ထိုစွမ်းအင်ကို သုံးပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့ လမ်းကြောင်းပေါ်သို့ စတက်လိုက်သည့် သမိုင်းအချိုးအကွေ့ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုကမူ ထိုနည်းကို မသုံး။ လေဆာမီးရှို့နည်းဖြင့် ဖျူရှင်ဖြစ်ဖို့လိုအပ်သော အပူကိုထုတ်ဖို့ ကြိုးစားသည်။ ယခု “တစ်ကျော့ပြန် နျူကလီးယားနည်းပညာ” ခေါင်းစဉ်အောက်တွင် အဆိုပါနည်းပညာပြိုင်ဆိုင်မှု၊ တိုးတက်မှု၊ ရည်မှန်းချက်များအကြောင်းကို တင်ပြဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါသည်။


