နေပြည်တော် ဩဂုတ် ၃
တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့ စစ်မှုထမ်းများကို ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်များ ရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများအား အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင် အလုပ်လုပ် ကိုင်မှုကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။
ထို့ပြင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့ အလုပ်သမားစေလွှတ်ခြင်းများ ပိုမိုမြန်ဆန်စေရေးအတွက် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊ ပိုမိုကောင်းမွန်သည့် ပြည်ပလုပ်သားဈေးကွက် ရရှိစေခြင်းနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ပိုမိုရရှိစေခြင်းတို့ကို အလေးထား ဆောင်ရွက်လျက်ရှိသလို ပြည်တွင်း၌လည်း လုပ်သား အင်အားဆုံးရှုံးမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ကော်မတီက ချမှတ်ပေးထားသော လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝန်ကြီးဌာနများ အလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အကြံပြုချက် များရှိပါက အသိပေးတင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်သည့် ရည်ရွယ်ချက်၊ စည်းကြပ်သည့် ဥပဒေနှင့် အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှုနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးတွင် ဆွေးနွေးမည့် အမှာစာကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးသည်။
အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


