တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း  ၂၇၄၄၀ ဦး ၀င်ရောက် လည်ပတ်

တာချီလိတ်  ၂    နိုဝင်ဘာ 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက်လည် ပတ်လျက်ရှိရာ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစု ပါဝင်သည့်  နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်  နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၇၄၄၀ ဦး ဝင်ရောက်လည်ပတ်ခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀၅၃၃၄၉ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

 

3

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည်  မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေ တောတောင်  သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု  ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်စေရန် ဝင်ရောက်လျက်ရှိရာ  တစ်ပတ်အတွင်း  တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား  ၂၅၅၇၆ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၃၉၈ ဦး၊  လန့်တောင်းဘုရားသို့ ထိုင်းနိုင်ငံသား ၂၁ ဦး၊  ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၄၀၂ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၀၄၃ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။

 

မြန်မာနိုင်ငံနယ်စပ်ဝင်ပေါက်အသီးသီးမှ ဝင်ရောက်ပြီး  တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့သို့ ထွက်ခွာသည့်ခရီးစဉ်အဖြစ် ယခုနှစ်အတွင်း  ခရီးစဉ် ၄၆ ခုတွင် မော်တော်ယာဉ် ၁၄၀ စီး၊ မော်တော်ဆိုင်ကယ် ၁၄၉ စီး၊ လူဦးရေ ၄၈၂ ဦးတို့သည် မြဝတီ၊ တမူး နယ်စပ်မြို့များမှ ဝင်ရောက်လာပြီး၊ ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ကာ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာခဲ့သည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၉၇၇၈၀၁ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၁၃၉၈၂ ဦး၊ လန့်တောင်းဘုရားသို့ နေ့ချင်းပြန်  ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား)၃၄၂ ဦး၊ မိုင်းဖုန်းနေ့ချင်းပြန် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား  ၁၁၃ဦး၊ မိုင်းဖြတ်နှင့်ကျိုင်းတုံခရီးစဉ်တွင် ၉၄၀၄ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်)ဖြင့်  ပြည်တွင်း ခရီးစဉ်သို့ ၅၁၇၀၇ ဦး၊ စုစုပေါင်း နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၀၅၃၃၄၉ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)