တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၈၁၆၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များနှင့် ရွှေညောင်မြို့တွင် ငွေကျပ် ၂၇ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် ဩဂုတ် ၂၀ 

 

တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၈၁၆၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များနှင့် ရွှေညောင်မြို့တွင် ငွေကျပ် ၂၇ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိတရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သိမ်းဆည်းရမိ

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက်မွန်းလွဲ ၁ နာရီက သတင်းအရ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် ဝမ်တုံရွာနေ စိုင်းထွန်းတစ် (၂၇) နှစ် မောင်းနှင်လာသော TOYOTA HILUX TIGER အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၉၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၈၁၆၀) သိမ်းဆည်းရမိသဖြင့် စိုင်းထွန်းတစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

 

ထို့အတူ ဩဂုတ် ၁၈ ရက် ည ၇ နာရီခွဲက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ရတနာရပ်ကွက် နယ်မြေ (၁) နေ ခွန်ဟန်စိန် (ခ) သန့်ဇင် (၃၀) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၉၂၅၀ (တစ်ပြားလျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၇ ဒသမ ၇၅ သိန်း) သိမ်းဆည်းရမိသဖြင့် ခွန်ဟန်စိန် (ခ) သန့်ဇင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်