တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁ ဧပြီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ဘုရားကြီးဂိတ်တွင် မသင်္ကာဖွယ် ပါဆယ်ထုပ်တစ်ထုပ် လာရောက်အပ်နှံသွားကြောင်း အကြောင်းကြားလာသဖြင့် သွားရောက်စစ်ဆေးရာ အဆိုပါအထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀  တွေ့ရှိသဖြင့် လာရောက်ပို့ဆောင်သူ(စုံစမ်းဆဲ)အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။

 

စုံစမ်းဖော်ထုတ်ချက်အရ မတ် ၃၀ ရက် ညနေ ၆ နာရီတွင် အဆိုပါစိတ်ကြွရူးသွပ် ဆေးပြားများအား လာရောက်ပို့ဆောင်သူ အောင်နိုင်ဦးအား တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ကွင်းဆက်အရ မတ် ၃၁ ရက် နံနက် ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူကျေးရွာ(ရွာသစ်)နေ ကျဖ အား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တစ်ရွာတည်းနေ မောန ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၅၀၊ ဘိန်းစိမ်း သုည ဒသမ ၇၅ ကီလိုတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား