တာချီလိတ်မြို့နယ်၌ လေသေနတ်အား စမ်းသပ်ပစ်ခတ်ရာမှ ကလေးငယ် ၁ ဦးအား ထိမှန်၍ သေဆုံး

နေပြည်တော် ၁၁  ဩဂုတ်


ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ခုတ်ဝကျေးရွာတွင် တောကောင်ပစ်ရန် ပြုလုပ်ထားသည့် လေသေနတ်အား စမ်းသပ်ပစ်ခတ်စဉ်  ကလေးငယ်တစ်ဦးအား ထိမှန်ခဲ့ပြီး ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဦးညီစံရွှေသည် ဩဂုတ် ၉ ရက် ည ၁၁ နာရီ ၅ မိနစ်က အိမ် အတွင်း၌ တောကောင် ပစ်ခတ်ရန် ၎င်းကိုယ်တိုင်ပြုလုပ်ထားသည့် အရှည် ၄ ပေခန့်ရှိ လေသေနတ်အား စမ်းသပ်ပစ်ခတ်စဉ် နေအိမ်အပြင်မှဝင်ရောက်လာသည့် မြေးဖြစ်သူ စိုင်းထွန်းနေ(၉)နှစ်၏ ဝဲဘက် ရင်အုံအားထိမှန်ခဲ့သဖြင့် ဝမ်ပုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ်ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ၎င်းအား ဝမ်ပုံနယ်မြေရဲစခန်း၌ အမှုဖြင့် ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား