“လက်ရှိကာလမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းသည် အဓိကအားဖြင့် အကြောင်းအရာနှစ်ခုရှိကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်စက များပြားမှုကြောင့်လည်းပါကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာထုတ်လုပ်မှုပမာဏကို သိသိသာသာမြှင့်တင်ပြီး ပြည်တွင်းစားနပ်ရိက္ခာလုံလောက်စွာရရှိကာ ကုန်ဈေးနှုန်းများကို အများပြည်သူ တတ်နိုင်သည့်အဆင့်အထိ လျှော့ချနိုင်ရန်လိုအပ်ကြောင်း” လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်ရုံသာမက နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကိုအသုံးချပြီး ဒေသတွင်းနှင့်ကမ္ဘာ့စားရေရိက္ခာ ဈေးကွက်တွင် အရေးပါသည့်ထုတ်လုပ်သူနှင့်တင်ပို့သူနိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် “ကမ္ဘာ့စပါးကျီ” နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်အတူ အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်ပြီး ပိုလျှံ ထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးဆောင်ရွက်သွားရမည် ဖြစ်သည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်” ဆိုသည့် ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်သာမက အရည်အသွေး၊ စံချိန်စံညွှန်း၊ သိုလှောင်၊ ကြိတ်ခွဲ၊ ထုပ်ပိုးမှုနှင့်ဈေးကွက်ချိတ်ဆက်မှုအထိ တစ်ဆက်တည်း မြှင့်တင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သီးနှံများသည် အရောင်အဆင်းလှ၊ အနံ့အရသာနှင့်လည်း ပြည့်စုံမည်ဆိုပါက ဝယ်ယူသူအကြိုက်ဖြစ်သဖြင့် ရောင်းအားတက်လာမည် ဖြစ်သည်။ အလားတူ ပို့ကုန်ဈေးကွက်တွင်လည်း “ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဆိုသည့် ဈေးကွက်ယှဉ်ပြိုင်ရေး အခြေခံသဘောတရားကို လက်တွေ့ကျင့်သုံးရန်လိုသည်။ ထုတ်လုပ်သူ နှင့်ရောင်းချသူတို့သည် လူ့သဘာဝအရ အကျိုးအမြတ်လိုမှုဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်သည်။ သို့သော် အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ အမြတ်ရရှိရေးကိုအရေ အတွက်များများထုတ်လုပ်ပြီး ဆောင်ရွက်နိုင်သည်။ အမြတ်များများရရှိရေးထက် အမြတ်နည်းနည်းဖြင့် ပစ္စည်းများများ ရောင်းချနိုင်ရေးကို နိုင်ငံတော်သမ္မတလမ်းညွှန်ခဲ့သည့် အခြေခံသဘောတရားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဆောင်ရွက်ကြစေလိုသည်။
အလားတူပင် ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် ပြည်သူများ နေ့စဉ်လူမှုစီးပွားဘဝနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်ကိစ္စဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့်ဆီအုန်းစသည့် ဆီထွက်သီးနှံများကို ဒေသအလိုက် သင့်လျော်သည့် သီးနှံရွေးချယ်မှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျတိုးချဲ့စိုက်ပျိုးကြရန်လိုသည်။ ထုတ်လုပ်မှုပမာဏတိုးတက်ရေး တစ်ခုတည်းကိုသာမကြည့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ပြည်သူများ ဝယ်ယူသုံးစွဲနိုင်မှုအခြေအနေကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက အာရှ-ပစိဖိတ်ဒေသ အစားအသောက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက နေပြည်တော်ရှိ အိမ်ထောင်စု ၂၂၀ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် လစဉ်ဝင်ငွေ၏ ၆၃ ရာခိုင်နှုန်းကို အစားအသောက် အတွက်သုံးစွဲနေရပြီး ဆန်နှင့်ဆီသည် ကုန်ကျစရိတ်အများဆုံးဖြစ်ကြောင်း၊ ဆန်အတွက် ၁၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆီအတွက် ၁၃ ဒသမ ၁၆ ရာခိုင်နှုန်း သုံးစွဲရကြောင်း သုံးသပ်ထားသည်။
ထို့ကြောင့် အခြေခံလူတန်းစားများအနေဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကို ပိုမိုအားထားသုံးစွဲနေကြသည်။ ပြည်တွင်း၌ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီထုတ်လုပ် နေသော်လည်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ် မကိုက်ညီခြင်း၊ ဈေးကွက်ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်မှုမမျှတခြင်းတို့ကြောင့် ပြည်တွင်းဖြစ်ဆီများကို အပြည့်အဝအသုံးမပြုနိုင်သေးဘဲ ပြည်ပမှ စားသုံးဆီ နှစ်စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်နှင့်ကိုက်ညီအောင် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်လျှော့ချခြင်း၊ စားအုန်းဆီတင်သွင်းမှုကို အဆင့်လိုက်လျှော့ချခြင်းနှင့် ပြည်သူများ ဝယ်ယူနိုင်သည့်ဈေးနှုန်းဖြစ်စေရေးအတွက် နည်းလမ်းကောင်းများကို ရှာဖွေဆောင်ရွက်ရန်လိုသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားကိုရှေးရှု၍ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ကုန်ထုတ်လုပ်သူများနှင့်ရောင်းဝယ်ဖောက်ကားသူများက အမြတ်နည်းနည်းဖြင့် အကျိုးအမြတ်များရရှိအောင် အရည်အသွေးကောင်းမွန်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို အရေအတွက်များများထုတ်လုပ်ပြီး ရောင်းလိုအားနှင့်ဝယ်လိုအား မျှတအောင် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


