ထန်းတပင်မြို့နယ်ရှိ အဘိုးဦးသိန်းအောင် အသက် ၁၂၁ နှစ်အား အလှူငွေများ ပေးအပ်

ရန်ကုန် ဩဂုတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာအုပ်စု တပ်ရွာကျေးရွာရှိ အဘိုးဦးသိန်းအောင် အသက် ၁၂၁ နှစ်အား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကန်တော့ပြီး သစ်သီးခြင်း၊ ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်သည်။

 

ဆက်လက်၍ အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန် - ပုသိမ်လမ်းရှိ ဗိုလ်အောင်ကျော်လမ်းမှ မင်္ဂလာလမ်းအထိ ပန်းခြံ၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များ၊ လူသွားလမ်း၊ လျှပ်စစ်မီးတိုင် ဆောင်ရွက်နေမှုနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ပေါင်းကူးလမ်းရှိ Grand Hlaing Thar Yar အိမ်ရာစီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဖွင့်လှစ်ပေးပြီး စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ)က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောရာ စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)အား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်၍ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပြိုင်ပွဲများနှင့် စာပေစကားဝိုင်းတို့ကို ကြည့်ရှုအားပေးပြီး ပါဝင်ဆွေးနွေးသူများကို လက်ဆောင်များ ပေးအပ်၍ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)