ဘန်ကောက် ဩဂုတ် ၉
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကျောက်ဖယားမြစ်ပေါ်တွင် လူသွားလမ်းနှင့် စက်ဘီးလမ်းများ ပါဝင်သည့် ဘတ် တစ်ဘီလီယံတန်ဖိုးရှိ မြစ်ကူးတံတားတစ်စင်းအား တည်ဆောက်မည့်အစီအမံကို ထိုင်းတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။
ဒေသခံများနှင့်နိုင်ငံတကာခရီးသွားများအတွက် အစိမ်းရောင်သယ်ယူပို့ဆောင်ရေးအား ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၃၀ပြည့်နှစ်တွင် လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်မည်ဟု သိရသည်။
လက်ရှိအချိန်တွင် ကျောက်ဖယားမြစ်အား ကူးသန်းသွားလာရာတွင် လမ်းလျှောက်သူများနှင့် စက်ဘီးစီးသူများအတွက် စိန်ခေါ်မှုများရှိနေကြောင်းနှင့် အဆိုပါမြစ်အား ဖြတ်ကူးသည့် ကူးတို့သင်္ဘောများမှာလည်း အချိန်အကန့်အသတ်ဖြင့်သာ ပြေးဆွဲကြောင်း သိရသည်။
ဘန်ကောက်မြို့တော်၏ အဓိကလမ်းကွန်ရက်နှင့်အတူ ပြည်သူဗဟိုပြု အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒကို ဤစီမံကိန်းက ပံ့ပိုးပေးသည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူး ချာချတ် ဆီတုပန့်က ပြောကြားခဲ့သည်။
“မြို့ထဲမှာ လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေအတွက် ကျောက်ဖယားမြစ်ကို သီးသန့်ဖြတ်ကူးတဲ့ တံတားတစ်စင်းရှိစေချင်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန် -စိုးသူရ


