ထိုင်းနိုင်ငံ၌ လုပ်သားလိုအပ်ချက်ကို သီရိလင်္ကာလုပ်သားများဖြင့် ဖြည့်ဆည်း

ဗန်ကောက်    စက်တင်ဘာ    ၁၆

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားလုပ်သားများ နေရပ်ပြန်သွားရာမှ ဖြစ်ပေါ်လာသည့်  လုပ်သားရှားပါးမှု လိုအပ်ချက်များ ကို သီရိလင်္ကာလုပ်သားများဖြင့်   အစားထိုးဖြည့်ဆည်းနိုင်ရေး   လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  

ထိုင်းနှင့် သီရီလင်္ကာနိုင်ငံတို့သည်  စက်တင်ဘာ ၁၄ ရက်က သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ကနဦးအဆင့်အနေဖြင့် ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများအတွက် သီရိလင်္ကာနိုင်ငံသား ၁၀၀၀၀ ခေါ်ယူရန် သဘောတူခဲ့ကြသည်။

ထိုင်းနိုင်ငံသည် အဓိကစက်မှုလုပ်ငန်းများကို အထောက်အကူပြုရန် ပြည်ပနိုင်ငံများမှ လုပ်သားများအပေါ် အလွန်အမင်းမှီခိုအားထားနေရပြီး  အဆိုပါလုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊  စိုက်ပျိုးရေး၊  ရေလုပ်ငန်းနှင့် အိမ်တွင်းမှုရေးရာကိစ္စရပ်များစသည့် လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ပြည်ပလုပ်သားများတွင် လာအို၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများမှ အများဆုံးဖြစ်သည်။ ကမ္ဘောဒီးယားလုပ်သားလျော့နည်းလာခြင်းက  စီးပွားရေးကို ထိခိုက်စေနိုင်သည်ဟုဆိုကာ စီးပွားရေး လုပ်ငန်းရှင်များက  စိုးရိမ်ပူပန်လျက်ရှိသည်။

သဘောတူညီချက်အရ သီရိလင်္ကာလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး လူကုန်ကူးမှုနှင့် တရားမဝင်အလုပ်လုပ်ကိုင်မှုကိုလည်း  တားဆီးကာကွယ်ပေးသွားမည်ဖြစ်ကြောင်း  ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဂျူလာပွန် အမွန် ဗီဝပ်က  ပြောသည်။

အင်န်အိတ်ချ်ကေ