ဗန်ကောက် ဩဂုတ် ၅
ထိုင်းနိုင်ငံ ရာလာပြည်နယ်ဘောလုံးအသင်းမှအသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား ဆက်ဝမ်အဝီသည် ဩဂုတ် ၄ ရက်က ဒေသတွင်း ဘောလုံးပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ကစားနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နာရာသီရက်ပြည်နယ် ဆန်ဂိုင်ဂိုလော့မြို့ ဆန်တီဖတ်အားကစားကွင်း၌ ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲက ဒေသတွင်း Golok FA ဖလား ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေစဉ် ယခုဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။
မိုးကြိုးထိမှန်မှုကြောင့် ဘောလုံးသမားအများအပြား လဲကျခဲ့ပြီး ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အဆိုပါဘောလုံးသမားများအနက်မှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဆက်ဝမ်အဝီ သေဆုံးခဲ့ကြောင်း Thai PBS World သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆက်ဝမ်အဝီ သေဆုံးခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း သတင်းစကားများကို ရာလာဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ပေးပို့ခဲ့သည်။ ဆက်ဝမ်အဝီသည် လက်ရှိအသင်းနှင့် ဇူလိုင် ၂၉ ရက်က စတင်၍ စာချုပ်ချုပ်ဆိုခဲ့သည်။ ၎င်းသည် ထူးချွန်သည့် တောင်ပံကစားသမားဖြစ်ပြီး ယခင်က ကစားခဲ့သည့် ပက်တနီဘောလုံးအသင်းအား ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတွင် ထိုင်းလိဂ် - ၂ သို့ ရောက်ရှိစေခဲ့ကြောင်း သိရသည်။
ကိုးကား- VN Express
ဘာသာပြန် - စိုးသူရ


