ထားဝယ်ဆိုတာ လူငယ်တွေအတွက်ပါ

Why Should We Travel Dawei while We're Young အပိုင်း(၂)

သီဟလုလင်

(ယခင်အပတ်မှအဆက်)

လေ့လာစရာဒေသထွက်ကုန် လုပ်ငန်းများ

ထားဝယ်မြို့တွင်းမှာပဲ နီးနီးနားနား ဒေသထွက်ပစ္စည်းလေးတွေ ပြုလုပ်ပုံကို လေ့လာနိုင်ပါတယ်။ အိုးလုပ်ပြင်ရပ်မှာ တစ်ရပ်ကွက်လုံး အိုးလုပ်ငန်းလုပ်ဆောင်နေတယ်လို့ ယူဆရလောက်အောင် အိုးလုပ်ငန်းတွေကို ရှေးရိုးနည်းတွေနဲ့ သေချာ ထုတ်လုပ်နေပါတယ်။ အဓိကက ဒီကလုပ်တဲ့ အိုးတွေကို ထိုင်းဘက်ကို တင်ပို့ရောင်းချတယ်လို့လည်း သိရတယ်။ သင်္ကြန် အတွက် ပို့ရမယ့်အိုးတွေကို အခုကတည်းက ကြိုတင်ထုတ်လုပ်နေကြတာကို လေ့လာခွင့်ရခဲ့ရပါတယ်။ အိုးလုပ်ငန်းတွေ မှာအိုးကို ရွှံ့ကနေ ပုံဖော်တာကအစ၊ ရွှံ့အုံပြီး မီးဖုတ်တာ၊ ထင်းမီးဖုတ်တာတွေကို အမျိုးမျိုး လေ့လာခဲ့ရပါတယ်။

အိုးလုပ်ငန်းလိုပဲ ငါးမုန့်လုပ်ငန်း၊ ငါးခြောက်လုပ်ငန်းစတဲ့ လုပ်ငန်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။

ထားဝယ်မှာ ရှင်ကိုးရှင်အပြင် အခြား ထင်ရှားတဲ့ တန်ခိုးကြီးဘုရားတွေကိုလည်း သွားလာလည်ပတ်နိုင်ပါသေးတယ်။ ထင်ရှား တဲ့ ဘုရားစေတီအချို့ကတော့ ရွှေတောင်စားဘုရား၊ ရပ်တော်မူဘုရား၊ လောကမာရဇိန် လျောင်းတော်မူဘုရားကြီး၊ နှစ်ပေါင်း ရာကျော် ဘုန်းကြီးကျောင်းဆောင်၊ ယာယီစံနန်းတော် များ။ ဒါ့အပြင် ထားဝယ်မှာနှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ ဘုန်းကြီး ကျောင်းဆောင်တွေ၊ ရှေးဘုရင်တွေရဲ့ ယာယီစံနန်းတော်တွေ ရှိသေးတယ်။ နှစ်ပေါင်းရာကျော် ဘုန်းတော်ကြီး ကျောင်းတွေ ဒီထားဝယ်မှာ သုံးကျောင်းလောက်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ တစ်ကျောင်းကို ရောက်ရှိခွင့်ရခဲ့ပါ တယ်။

သမိုင်းဝင် နှစ်ရာကျော် ခေါင်းလောင်းသုံးလုံး

ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းကြီး သုံးလုံးလည်းရှိပါသေးတယ်။ ဒီခေါင်းလောင်းကြီးတွေကို ခရီးသွားတွေက သိပ်မသိလိုက်ဘဲ ပြန်သွားကြတာ များပါတယ်။ ဘုရားဖူးကားတွေနဲ့ဆို တစ်ခါတလေ အမြန်ဖူးရတော့ ဒါကို အချိန်ပေးပြီး လေ့လာချိန်မရတာလည်း ပါတာပေါ့လေ။ အခုလို လူငယ်တွေ အေးအေးလူလူ သွားမယ်ဆိုရင် ဒီလိုသမိုင်းဝင် ခေါင်းလောင်း တွေကို လေ့လာလိုသူ လူငယ်တွေအတွက် အလွန်အဆင်ပြေပါတယ်။ အသံထွက်က အခုခေတ် ခေါင်းလောင်းသံတွေနဲ့ အတော်ကွာတာကို ကျွန်တော်လက်တွေ့ နားဆင်ကြည့်ခဲ့ ရပါတယ်။ သာယာသံ အတော်ကွာပါတယ်။ ခေါင်းလောင်း သုံးလုံးရှိတဲ့ နေရာတွေကတော့ ရှင်မုတ္ထီးဘုရားကြီးအတွင်း သိမ်ကြီးရဲ့ အရှေ့ဘက်တံခါးအနီးက ရှေးမွန်စာများနဲ့ ခေါင်းလောင်း၊ ရှင်ဥသြဘုရားကြီးကပ်လျက် ဘုန်းကြီးကျောင်းရဲ့ ခေါင်းရင်းဘက်ခြမ်း သိမ်အဝင်ဝက ခေါင်းလောင်း၊ ကြက်မင်းစေတီ (ကြက်သံဒိုင်းစေတီ) အရှေ့ဘက် သမုဒ္ဒ သိမ်တော် တစ်ထပ်တံတိုင်းအတွင်းက ခေါင်းလောင်း၊ ဒီခေါင်းလောင်းတွေဟာ နှစ်ပေါင်းနှစ်ရာဝန်းကျင်နဲ့ အထက်ရှိတဲ့ ခေါင်းလောင်းတွေဖြစ်ပြီး ခေါင်းလောင်းစာ တွေပါဝင်တဲ့ ခေါင်းလောင်းတွေပါ။ သမိုင်းကို စိတ်ဝင်စားသူတွေ၊ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူတွေ လေ့လာစရာကောင်းပါတယ်။

စားကောင်းသွားကောင်းတဲ့ စားသောက်ဆိုင်များ

အသစ်တစ်ခုကို ညွှန်းပေးရရင် လူငယ်တွေ သဘောကျခေတ်စားလာတဲ့ “The Village Natural Cafe” ကမ်းခြေ ဘားလေးတစ်ခုကို စပြောပေးပါရစေ။ လောင်းလုံးမြို့နယ် ကျောက်မတ္တပ်ရွာ၊ ထားဝယ်- မြတ်ရှင်မော် ကားလမ်းဘေးမှာ ရှိပါတယ်။ Instagram-able ဖြစ်အောင် နေရာချထားပေးလို့ အပန်းဖြေစားသောက်ရင်း ဓာတ်ပုံတွေ ရိုက်နိုင်ပါတယ်။ သုံးထားတဲ့အရောင်၊ စဉ်းစားထားတဲ့ အိုင်ဒီယာလေးတွေ အလွန်မြောက်ပါတယ်။ ဆိုင်ရှင်ကလည်း လူငယ်ပီပီ ကောင်းကောင်း လုပ်ပြသွားတယ်။ သဘောကျမိပါတယ်။ ဒန်းလေးနဲ့ ဒီကမ်းခြေကို မဖြစ်မနေသွားလည် သင့်ပါတယ်။

နောက်တစ်နေရာကတော့ ရွေးဆိုတဲ့ ဆိုင်လေးပါ။ ထားဝယ်- မြတ်ရှင်မော် ကားလမ်းနံဘေးမှာပဲ တည်ရှိပါတယ်။ ပင်လယ် စာတွေ ဈေးတန်တယ်။ ပုစွန်ချဉ်စပ်စားခဲ့ တယ်။ အကောင်ကြီးကြီးနဲ့ စားကောင်းတယ်။

ငွေပင်လယ်ဆိုတဲ့ မောင်းမကန်ကမ်းခြေကဆိုင်လည်း အရသာကောင်းတယ်။ ပြီးတော့ မောင်းမကန်ကမ်းခြေကပဲ “Love Angel” ဆိုတဲ့ဆိုင်လည်း ပင်လယ်စာဟင်းတွေ စားကောင်းတယ်။

ထားဝယ်ညဈေး

ထားဝယ်မှာ ညဈေးထားပေးတာ ကျေးဇူးတင်တယ်။ နိုင်ငံခြားသားတွေလည်း လာလည်ကြသလို၊ စားတာသောက်တာအတွက် အလွန်ကြီး စနစ်တကျ လှလှပပ ခင်းကျင်းတာမျိုး မရှိတာကလွဲရင် အရသာကတော့ ဆိုင်တိုင်း လိုလိုကောင်းကြပါတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် အစားအသောက်လေးတွေ နည်းနည်းစီ ကွဲပြားကြတော့ ရွေးရသူအတွက်လည်း အဆင်ပြေတယ်။ ဒီထက်ပိုပြီး ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ လုပ်သင့်တယ်လို့ တိုက်တွန်းအားပေးချင်မိတယ်။ ဆိုပါတော့ ခေါင်မိုး အဖြူလေးတွေနဲ့ ပုံစံတူလေးတွေမှာ မီးအဝါထိန်ထိန်နဲ့၊ ညဈေးကို ခရီးသွားတွေရော မြို့ခံတွေပါ အမြဲလာချင်နေအောင် လုပ်လိုက်ရင် ပိုပြီးကောင်းသွားမယ်လို့ ယူဆမိပါတယ်။ ညဈေးမှာ ပင်လယ်စာတွေကို ဈေးအတော် သက်သက်သာသာနဲ့ ရတယ်။ ကင်၊ ကြော်၊ ပြုတ်၊ ချက်၊ အကုန်စုံတယ်။ ကွေ့တယို (သူတို့ကတော့ ကွေးတရုတ်လို့ ရေးတယ်)လည်း ကောင်းသလို၊ ကောက်ညှင်း ရေခဲမုန့်လည်း စားကောင်းတယ်။ ဝါးပလုတ် ဖျော်ရည်ဆိုလည်း ရာသီချိန်အလိုက်ရတာ သိပ်ကောင်းတယ်။ ကျွန်တော်တို့စားခဲ့တဲ့ ‘‘လူနီ’’ ဆိုတဲ့ဆိုင်လေး အတော်သဘောကျတယ်။ ဆက်ဆံရေးကအစ အလွန်ဖော်ရွေတယ်။ ညဈေးအနီးက DDPC Shopping Mall မှာလည်း အပျင်းပြေ ဝင်လည်နိုင်သေးတယ်။

၇+

ထားဝယ်ဈေးကြီး

ထားဝယ်မှာ မနက်ပိုင်းဈေးကြီးသွားပြီး ငါးခြောက်တန်းဝင်လို့ ငါးခြောက်၊ ပုစွန်ခြောက်နဲ့ အခြားဒေသထွက်ကုန်တွေ ဈေးချိုချိုနဲ့ ဝယ်ယူနိုင်ပါသေးတယ်။ အိမ်ပြန်လက်ဆောင် အနေနဲ့ပေါ့။

ထားဝယ်ရိုးရာမုန့်များ

ထားဝယ်မြို့တွင်းမှာတင် ထားဝယ်ရိုးရာ မုန့်လေးတွေ ရှာဖွေစားသောက်နိုင်ပါသေးတယ်။ ကျွန်တော်တည်းခဲ့တဲ့ Diamond Crown Hotel အနီးအနားမှာလည်းရှိတယ်။ ထားဝယ်ရောက်ရင် ကြိုးစားရှာဖွေစားသောက်သင့်တဲ့ ထားဝယ်ရိုးရာ မုန့်လေးတွေက ထားဝယ်မုန့်ဟင်းခါး၊ ထားဝယ်မုန့်လက်သုပ်၊ မုန့်ဖက်ကပ် (ပဲ၊ ဆွမ်းမွှေး)၊ အာပုံ၊ ထားဝယ် မုန့်ကုလားမဲ၊ မုန့်ကျေးသား၊ ကောက်ညှင်း မုန့်ခြောက်၊ မုန့်ရေလှိုင်း (မုချွတ်လိပ်)စတဲ့ မုန့်တွေရှိပါတယ်။ ကျွန်တော့အသည်းစွဲက တော့ အာပုံနဲ့ မုန့်ရေလှိုင်း(မုချွတ်လိပ်)ပါ။

ထားဝယ်ကို ဘယ်လိုသွားမလဲ

လေယာဉ်နဲ့ဆိုရင် ရန်ကုန်ကနေ ၄၅ မိနစ် လောက်ပဲစီးရပါတယ်။ ကျပ်ခုနစ်သောင်း ဝန်းကျင်ရှိတတ်ပါတယ်။ ကားစီးမယ် ဆိုရင်လည်း လမ်းကအတော်ကောင်းလို့ အချို့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြတယ်။ မနက် စောစော ၅ နာရီလောက် ထွက်လာရင် ထားဝယ်ကို ညနေ ၃ နာရီဝန်းကျင်လောက် ရောက်ပါတယ်။ အဝေးပြေးကားဆိုရင်လည်း ခုဆို 2+1 VIP ကားတွေရှိနေပြီဖြစ်လို့ သက်‌သောင့်သက်သာသွားနိုင်ပါတယ်။ ကားခ က ကျပ် နှစ်သောင်းခွဲဝန်းကျင်ပါ။ ညနေ ၅ နာရီ ရန်ကုန်ကနေထွက်ပြီး မနက် ၆ နာရီ ထားဝယ်ရောက်ပါတယ်။

ထားဝယ်သွားမယ်ဆို ကြိုပြင်ဆင်စရာ

ကမ်းခြေသွားမယ့်သူတွေက ကိုယ်လိုအပ် မယ့် ဆေးတချို့ဆောင်သွားဖို့လိုသလို၊ ပင်လယ်စာနဲ့ မတည့်သူတွေလည်း သတိပြု ပြီးဆေးထည့်သွားပါ။ ပိုးမွှားကိုက်ခံရနိုင်လို့ လိမ်းဆေးဖျန်းဆေးတွေဆောင်ပါ။ နေလောင်ခံ Sunblock နဲ့ UV ကာကွယ်တဲ့ SPF များတဲ့ Skin Care တွေဆောင်သွားပါ။ ရေထဲဆင်းရင် ကိုယ့်ကိုယ်ကိုယ်သတိပြုပါ။ ကမ်းခြေစီးဖိနပ် တွေစီးပါ။ တောင်တက် လမ်းကြမ်းသွားမယ့်သူတွေလည်း ဖိနပ်ကောင်းကောင်းယူခဲ့ပါ။ ကျွန်တော်ကတော့ Corcs ကထုတ်တဲ့ Clog ဖိနပ် (ဖားဖိနပ်) တွေကြောင့် ကျောက်တောင် တက်တာရော၊ တောနင်းတာရောအပြင် ကမ်းခြေမှာဆော့တာ၊ ပင်လယ်ထဲဆင်းတာအထိ အဆင်ပြေတယ်။ ဖိနပ်ကပေါ့လို့ စီးထား မှန်းမသိရဘဲအဆင်ပြေတယ်။ ခြေဆီထွက်ပေမယ့် အနံ့ဆိုးမစွဲတာ၊ မထွက်တာကို သဘော ကျတယ်။ ပင်လယ်ထဲမှာ ရေမမြုပ်သွားလို့ ပျောက်မသွားဘူး။ ပေလာတဲ့ ရွှံ့သဲတွေကို ရေဆေးလိုက်တာနဲ့ သန့်စင်သွားတော့ လွယ်လွယ်သန့်ရှင်းရေးလုပ်နိုင်တာ သဘော ကျတယ်။

ထားဝယ်မှာ ထူးခြားတာတွေ အများကြီးကျန်သေးတယ်။ လပြည့်၊ လကွယ်ညတွေမှာ ပင်လယ်ထဲက မီးစုန်းတောက်တာမျိုးကို မြင်ရတဲ့ကမ်းခြေတွေ ရှိသေးတယ်။ ဒါမျိုးကို သေချာစောင့်ကြည့် မှတ်တမ်းတင်နိုင်တာမို့ ကျွန်တော်ကထားဝယ်ကိုအခါခါ လာချင်မိနေ သေးတာ။ နောက်တစ်ခါ ထားဝယ်လာဦး မလားလို့ တစ်ယောက်ယောက်ကမေးခဲ့ရင် ဟုတ်ကဲ့ Diamond Crown မှာ အခန်းကြိုတင် Booking တင်ပေးထားပါလို့ မဆိုင်းမတွ ပြောဖြစ်မှာပါ။ ထားဝယ်ဟာ ကျွန်တော့်ရဲ့ လူငယ်ဘဝတွေကို မဆုံးတမ်း ဆက်သွားချင်အောင် တွန်းအားပေးတဲ့ နေရာတစ်ခုမို့လို့ပါ။

အားလုံးပဲ အစဉ်ဘေးကင်း လုံခြုံကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။     ။