ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်တဲ့အတွက် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း ဒေသစီးပွားရေး၊ နိုင်ငံ့စီးပွားရေး တိုးတက်မှာ ဖြစ်ပါတယ် (ဒေါက်တာမြင့်ဆန်း)

တွေ့ဆုံမေးမြန်း-မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း

မြန်မာနိုင်ငံတောင်ဘက်ပိုင်းဒေသ ဖွံ့ဖြိုးရေးသာမက အာဆီယံဒေသတွင်း၌ အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်လာမည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရာမှ ယခုအခါ မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပူးပေါင်းပြီး စီမံကိန်း ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဆ ောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်-

 

mdn

 

မေး။ ။ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။    ။ထားဝယ်အထူးစီးပွားရေးဇုန်က နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ကနဦး စီမံကိန်းဖြစ်ပါတယ်။ ၂၀ဝ၈ခုနှစ်ကတည်းက အီတာလျံထိုင်းကုမ္ပဏီနဲ့ လုပ်ခဲ့တာပါ။ ၂၀ဝ၈ ခုနှစ်ကတည်းက စခဲ့ပေမယ့် လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ ရပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခဲ့တာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ပါ။ နောက်ပိုင်းမှာ တင်ဒါပြန်ခေါ်ခဲ့တာ အီတာလျံထိုင်းကုမ္ပဏီပဲ ပြန်နိုင်ပါတယ်။ ပြန်နိုင်တဲ့အခါမှာ စာချုပ်တွေချုပ်ခဲ့တယ်။ စီမံကိန်းလုပ်ငန်း ကိုးခု လုပ်မယ်ဆိုပြီး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာလည်း အီတာလျံထိုင်းကုမ္ပဏီက လုပ်ငန်းကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ အဓိကငွေရေးကြေးရေး အခက်အခဲရှိတယ်လို့ သိရပါတယ်။ မြန်မာအစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် အချက်တွေလည်းရှိပါတယ်။ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်၊ လူမှုရေး လေ့လာဆန်းစစ်ချက်၊ မြေငှားစာချုပ် ဒီဟာတွေကိုလည်း ကျွန်တော်တို့ကော်မတီက တာဝန်ယူပြီး ဒီအချက်အလက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အခု နောက်ဆုံးကျန်နေတာက မြေငှားစာချုပ်ဖြစ်ပါတယ်။ မြေငှားစာချုပ်ကလည်း မြန်မာဘက်က အီတာလျံထိုင်းနဲ့ ဆွေးနွေးတာ တစ်နှစ်ကျော်ကြာပြီးတဲ့အခါမှာ အပြီးသတ်လုပ်နိုင်ခဲ့ပါပြီ။ ဒီဟာကိုလည်း အီတာလျံထိုင်းကုမ္ပဏီဘက်ကို ပေးပို့သွားမယ်။ ပေးပို့ပြီးသွားရင် ၂၁ ရက်အတွင်းမှာ အီတာလျံထိုင်း ကုမ္ပဏီက မြေငှားစာချုပ်ကိုလက်ခံမလား၊ လက်မခံဘူး လားဆိုတာ အကြောင်းပြန်မှာဖြစ်ပါတယ်။ လက်ခံမယ်ဆိုရင် စီမံကိန်းတွေ စတင်အကောင်အထည် ဖော်နိုင်မယ်လို့ မြင်ပါတယ်။

နောက်တစ်ခုက ကနဦးစီမံကိန်းထဲမှာပါဝင်တဲ့ နှစ်လမ်းသွားကားလမ်းကိစ္စဖြစ်ပါတယ်။ နှစ်လမ်းသွား ကားလမ်းက မြန်မာအစိုးရကနေပြီးတော့ တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံကနေ ချေးငွေယူပြီး တည်ဆောက်မှာဖြစ်ပါတယ်။ ဒီလမ်းကတော့အရင်တုန်းက အီတာလျံထိုင်းကနေ မြေသားကားလမ်း တည်ဆောက်ပြီးသား ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ကနေ ထားဝယ်အထူးစီပွားရေးဇုန်အထိဖြစ်ပါတယ်။ ၁၃၈ ကီလိုမီတာ ရှည်ပါတယ်။ ထိုင်းဘက်က အဆိုပြုထားတာကတော့ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ကုန်မယ်လို့ခန့်မှန်းထားပါတယ်။ တကယ်ကုန်နိုင်ခြေရှိ၊ မရှိ၊ လမ်းလုံခြုံ စိတ်ချရမှု၊ လမ်းဒီဇိုင်း ဒါတွေကို ကွင်းဆင်းလေ့လာဖို့ ထိုင်းဘက်က ငွေချေးမယ့်အဖွဲ့ဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA) က ကွင်းဆင်းလေ့လာနေပါတယ်။ စက်တင်ဘာလကုန်မှာ သူတို့ရဲ့ကွင်းဆင်းလေ့လာမှု ပြီးပါမယ်။ ပြီးတဲ့အခါကျရင် လမ်းလုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကျစရိတ် အဲဒါတွေ ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒါတွေ ထွက်လာပြီဆိုရင် ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ ချေးငွေစာချုပ် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးသွားရင် လမ်းဆောက်လုပ်မယ့်ကုမ္ပဏီကို တင်ဒါခေါ်မှာဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကတော့ ထိုင်းချေးငွေယူထားတဲ့အတွက် ထိုင်းဘက်မှာ မှတ်ပုံတင်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက တင်ဒါခေါ်ပြီး လမ်းဆောက်လုပ်ရေး စလုပ်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၂၀ ပြည့်နှစ် လလယ်ပိုင် လောက်မှာ စလုပ်နိုင်မယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဘက်က တာဝန်ယူပြီးတော့ ထိုင်းနိုင်ငံဘက်ကတော့ NEDA အဖွဲ့က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကတော့ကနဦးစီမံကိန်းနဲ့ ပတ်သက်ပြီး တိုးတက်မှုအခြေအနေပါ။

ဒုတိယပိုင်းကင်္တော့ကူ Full phase  လို့ ခေါ်တဲ့ပင်မစီမံကိန်းပါ။ ဧရိယာအားဖြင့် ထားဝယ်အထူးစီးပွားရေး ဇုန်တစ်ခုလုံးက ၁၉၆ စတုရန်းကီလိုမီတာ ရှိပါတယ်။ ကနဦး စီမံကိန်းက ၂၇ စတုရန်းကီလိုမီတာ ရှိပါတယ်။ ကျန်နေတာက ၁၆၉ စတုရန်းကီလိုမီတာပါ။ မူလသဘောတူညီချက်မှာတော့ ကနဦစီမံကိန်းပြီးသွားမှ ပင်မစီမံကိန်း အကောင်အထည်ဖော်မယ်လို့ သဘောတူညီခဲ့ပေမယ့် ကနဦးစီမံကိန်းက နောက်ကျနေတယ်၊ နှောင့်နှေးနေတယ်ဆိုတဲ့အတွက် ကနဦးစီမံကိန်းနဲ့ ပင်မစီမံကိန်းကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်တာက မြန်မာနိုင်ငံအတွက် ပိုပြီးကောင်းမယ်လို့ ယူဆပါတယ်။     

ပင်မစီမံကိန်းနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံဘက်ကနေ မဟာစီမံကိန်း (Master Plan) ရေးဆွဲခဲ့တာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဘက်ကနေ အကူအညီပေးချင်တဲ့အတွက် (JICA) ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ကနေပြီးတော့ ၂၀၁၇ခုနှစ်မှာ ယခင်ရေးဆွဲထားတဲ့ မဟာစီမံကိန်း (Master Plan) ပေါ်မှာ အခြေခံထားပြီးတော့ လေ့လာမှုလုပ်ခဲ့ပါတယ်။ တစ်နှစ်ကြာပါတယ်။ JICA ရဲ့လေ့လာမှု စာတမ်းဆိုပြီး ခေါ်ပါတယ်။ အဲဒီဟာလည်း ပြီးသွားပါပြီ။ စီမံကိန်းလေ့လာမှုတွေ ပြီးသွားတဲ့အတွက်ဒါကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စတင်စဉ်းစားတော့မယ်။ JICA ရဲ့စီမံကိန်းထဲမှာလည်း ပင်မစီမံကိန်းက အပိုင်းသုံးပိုင်းခွဲထားပါတယ်။ အခုကနေ ၂၀၃၀ ကို ပထမပိုင်း၊ ၂၀၃၀ ကနေ ၂၀၄၀ ကို ဒုတိယပိုင်း၊ ၂၀၄၀ ကနေ ၂၀၅၀ ကို တတိယပိုင်း။ ပင်မစီမံကိန်းမှာဆိုရင်တော့ မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပါလာပါပြီ။ သုံးနိုင်ငံအစိုးရတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ အစိုးရချင်း အခုကစပြီး စကားပြောရတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပထမအဆင့်စီမံကိန်းထဲမှာ ပါဝင်တာက အခြေခံကျတဲ့ အဆောက်အဦတွေ ဥပမာ လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦတွေရှိမှပဲ ရင်းနှီးမြှုပ်နှံသူတွေ ခေါ်လို့ရမှာဖြစ်ပါတယ်။ လောလောဆယ် အားလုံးသိတဲ့အတိုင်း တနင်္သာရီဒေသအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်က အခြေခံအဆောက်အဦတွေ ပြည့်စုံခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ လာမယ့်သုံးလေးနှစ်အတွင်းမှာ အခြေခံအဆောက်အဦတွေ ပြည့်စုံအောင်လုပ်ပြီးရင်တော့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်၊ ထိုင်းဘက်က ရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်မှာဖြစ်ပါတယ်။ အခုဖိတ်ခေါ်ချင်သော်လည်းပဲ အခြေခံအဆောက်အဦတွေ ပြည့်စုံခြင်း မရှိသေးတဲ့အတွက် ဒါတွေကို မြန်မာ၊ ဂျပန်၊ ထိုင်းဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။

မေး။ ။ ကနဦးစီမံကိန်းအကောင်အထည်ဖော်ရာမှာ ကြန့်ကြာရတဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ကနဦးစီမံကိန်းမှာ ကြန့်ကြာရတဲ့ အကြောင်းရင်းကတော့ မျိုးစုံရှိပါတယ်။ အီတာလျံထိုင်း ဘက်က ဘဏ္ဍာငွေကြေးအခက်အခဲ ရှိသလို၊ နှစ်ဖက် ဖြည့်ဆည်းပေးရမယ့် အချက်တွေ၊ မြန်မာဘက်က ဖြည့်ဆည်းပေးရမယ့် အချက်တွေ၊ အီတာလျံထိုင်းဘက်က ဖြည့်ဆည်းပေးရ မယ့်အချက်တွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်း  မရှိတဲ့အတွက် ကြန့်ကြာတယ်လို့ ပြောလို့ရပါတယ်

မေး။  ။စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် အဓိကလိုအပ်ချက်တွေက ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။    ။လောလောဆယ် ကနဦးစီမံကိန်းမှာ မြန်မာ အစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် အချက်တွေပြီးသွားပြီ။ ပြီးသွားရင် အီတာလျံထိုင်းကုမ္ပဏီကို လုပ်ပိုင်ခွင့်(Notice to proceed) ပေးမှာ ဖြစ်ပါတယ်။ ပေးပြီဆိုရင် ဒီလုပ်ငန်းတွေကို အီတာလျံထိုင်းကုမ္ပဏီအနေနဲ့ စတင်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အကောင်အထည် မဖော်နိုင်ဘူးဆိုရင် သူရဲ့ပျက်ကွက်မှုဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်လို့ရပါတယ်။ အရင်ကတော့ ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးရမယ့် အချက်တွေလည်း မလုပ်နိုင်တဲ့အတွက် ထိထိရောက်ရောက် အီတာလျံထိုင်းကို ကိုင်တွယ်နိုင်ခြင်းမရှိပါဘူး။ ပင်မစီမံကိန်းနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင်လည်း လုပ်ကိုင်မယ့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သူ (Developer) ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အကြံပေးကုမ္ပဏီတွေ လိုအပ်ပါတယ်။ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် ဆွေးနွေးဖို့လိုအပ်ပါတယ်။

မေး။  ။ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာရှိတဲ့ မြေယာတွေနဲ့ပတ်သက်ပြီး မြေယာ လျော်ကြေးတွေ ပေးပြီးသွားပြီလားဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ တိုင်းဒေသကြီးက စီမံဘဏ္ဍာဝန်ကြီး ဦးဆောင်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီဆိုပြီး ဖွဲ့ထား ပါတယ်။ မြေယာကတော့ အီတာလျံထိုင်းက လျော်ထားတဲ့အပိုင်းတွေရှိတယ်။ မလျော်ရသေးတဲ့ အပိုင်းတွေရှိတယ်။ ဧရိယာအားဖြင့် ကျယ်လွန်းတဲ့အတွက် ဒါတွေကိုတစ်ပြိုင်နက်တည်း ဖြေရှင်းမယ်ဆို အခက်အခဲရှိတယ်။ စဉ်းစားထားတဲ့ပုံစံကတော့ လုပ်ငန်းစလုပ်မယ့်အပိုင်းကိုစပြီး ဖြေရှင်းမယ်။ ဥပမာ A ဆိုတဲ့အပိုင်းကို လုပ်မယ်ဆိုရင် A ဆိုတဲ့အပိုင်းကို ကန့်သတ်လိုက်မယ်။ A ဆိုတဲ့အပိုင်းမှာ လျော်ပြီးသားလား၊ မလျော်ရသေးဘူးလားဆိုတာ စာရင်းဇယားနဲ့ လေ့လာမယ်။ အဲဒါကို မြန်မာနိုင်ငံရဲ့ မြေယာစီမံခန့်ခွဲမှု ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ရှင်းသွားမယ်။ အဲဒါပြီးသွားရင် B လုပ်မယ်ဆိုရင် B  ကို ရှင်းသွားမယ်။ ဘာကြောင့်လဲဆိုတော့ Developer အနေနဲ့ ဧရိယာ တစ်ခုလုံးကြီးလျော်ကြေးပေးဖို့၊ ရှင်းဖို့ဆိုတာ တော်တော်လေး အခက်အခဲရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ရှင်းသွားမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။

မေး ။ ။ စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် လျှပ်စစ်ပိုင်းကိုရော ဘယ်လိုဆောင်ရွက်သွား မလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ စက်မှုလုပ်ငန်း တည်ဆောက်မယ်ဆိုရင် လျှပ်စစ်က လိုအပ်ချက်ရှိတယ်။ ကနဦး စီမံကိန်းမှာလည်း သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့လုပ်မယ်။ အပူငွေ့သုံး ဓာတ်ငွေ့ရည် (Boil Gas)နဲ့ လုပ်မယ်လို့ ရေးထားပေမယ့်လည်း အခုထက်ထိ လုပ်နိုင်ခြင်းမရှိသေးဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလိုအခြေခံအဆောက်အဦကို နိုင်ငံတော်ဘက်ကနေ ဝန်ကြီးဌာနကနေ လျှပ်စစ်မီး ပံ့ပိုးပေးနိုင်မယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်အရ လျှပ်စစ်လုပ်ငန်းဌာနကလည်း မော်လမြိုင်၊ ရေး၊ ထားဝယ် ပင်မ စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ဖွံ့ဖြိုးမှုအကူအညီနဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ လာမယ့်၂၀၂၁ ကျရင်တော့ ထားဝယ်ဒေသ အပါအဝင် အထူး စီးပွားရေးဇုန်(SEZ)ကို နိုင်ငံတော်က လျှပ်စစ်မီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။         ။စီမံကိန်းပြီးသွားရင် ဘယ်လိုအကျိုးရလဒ်တွေရလာနိုင်မလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။   ။ရလာမယ့် ရလဒ်ကတော့ အများကြီးရှိပါတယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးဖြစ်လာမယ်။ သီလဝါကို ကြည့်မယ်ဆိုရင်လည်း ဂျပန်ကစက်ရုံ အလုပ်ရုံတွေလာတဲ့အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာကြတယ်။ ထို့အတူပဲ ထားဝယ်အထူးစီးပွားရေးဇုန် ပြီးသွားမယ်ဆိုရင် ဒေသခံလူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေရလာမယ်။ လျှပ်စစ်မီးရလာတဲ့အတွက် စက်မှုဇုန်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်လည်း စက်မှုလုပ်ငန်းတွေ ထွန်းကားလာမယ်။ ဒေသစီးပွားရေး တိုးတက်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ရလာမယ်။ ဒေသစီးပွားရေး တိုးတက်လာမယ်ဆိုရင် တိုင်းပြည်စီးပွားရေးလည်း တိုးတက်လာမှာပါ။ တနင်္သာရီတိုင်းဒေသကြီးက သယံဇာတတွေလည်း ကောင်းတယ်။ ငြိမ်းချမ်းရေးလည်းရှိတယ်။ ထိုင်းနိုင်ငံနဲ့ နီးစပ်တဲ့အတွက်လည်း ဒေသပထဝီအနေအထားက မဟာဗျူဟာကျတဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သေသေချာချာစဉ်းစားပြီး ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။

မေး။  ။ကနဦးစီမံကိန်းမှာ စက်ရုံ၊ အလုပ်ရုံတွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော် သွားမလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ။ကနဦးစီမံကိန်းမှာ မြန်မာနိုင်ငံရဲ့အနေအထားအရ လုပ်သားအခြေပြု စက်မှုလုပ်ငန်းလေးတွေ စတင်အကောင်အထည်ဖော်ဖို့ ရည်မှန်းထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ခေတ်စားနေတဲ့ ငါးလုပ်ငန်းကို ငါးအချောထည်လုပ်ငန်းဖြစ်အောင်၊ ရော်ဘာလုပ်ငန်းတွေလည်း ပိုပြီးအချောထည်လုပ်ငန်းဖြစ်အောင်၊ သတ္တုလုပ်ငန်းတွေဆိုလည်း အချောထည်လုပ်ငန်း ဖြစ်အောင်ကုန်ကြမ်းကနေ ကုန်ချောဖြစ်အောင်လုပ်တဲ့ လုပ်ငန်းလေးတွေ လုပ်နိုင်မယ်ဆိုရင်တော့ ဒေသစီးပွားရေးအတွက်၊ တိုင်းပြည်စီးပွားရေးအတွက် ပိုပြီးအကျိုးရှိမယ်လို့မြင်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောကြားဖို့ရှိပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့တိုင်းပြည်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးလုပ်စရာတွေ ရှိပါတယ်။ အလားအလာရှိတဲ့ လုပ်ငန်းတွေ ဥပမာအားဖြင့် ကျွန်တော်တို့ဆီမှာဆိုရင် အထူးစီးပွားရေးဇုန်ကြီးသုံးခု လုပ်မယ်လို့ ရည်မှန်းထားပါတယ်။ သီလဝါကတော့ အရှိန်ရနေပါပြီ။ ကျန်ရှိနေသေးတဲ့ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကြီးတွေကို ပိုပြီးအာရုံစိုက်လုပ်သင့်ပါတယ်။ ပြည်တွင်းမှာ စက်မှုဇုန်တွေလည်း ရှိပါတယ်။ စက်မှုဇုန်တွေ အဆင်ပြေမှ တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုက တိုးတက်မယ်။ မြန်မာနိုင်ငံမှာ စက်မှုလက်မှုလုပ်ငန်းလို့ ပြောရင်အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေလည်း အဆင်ပြေအောင် အစိုးရအနေနဲ့ ပံ့ပိုးကူညီပေးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။