ထာဝရငြိမ်းချမ်းရေးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ စေတီတော်သာသနာ့ဗိမ္မာန်၌ အပူဇော်ခံထားရှိ

နေပြည်တော် ၆ နိုဝင်ဘာ

ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီမှ ပင့်ဆောင်၍ ညနေပိုင်းတွင် နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီ ပုရဝုဏ်ရှိ သာသနာ့ဗိမာန်တော်၌ အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲအကြို အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂု ရုဒေါက်တာ ဘဒ္ဒန္တကဝိသာရအမှူးပြုသော ဆရာတော်၊ သံဃာတော်များက လည်းကောင်း၊ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းတွင် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကလည်းကောင်း ရွတ်ပွားသရဇ္ဈယ်ကြမည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်သန်လျက် (၇)ရက်သားသမီးအလှူရှင်များ၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်သည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများကို  နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်း လပြည့်နေ့)  နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနား ကျင်းပနေမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းမင်းစိုး

 

IMG_6926

 

IMG_6926.JPG

 

IMG_6900.JPG