ထာဝရလှပမြိုင်ဆိုင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လှမ်းလာခဲ့ပါ တစ်ခေါက်တစ်ခါ ဖိတ်ခေါ်ပါသည်

အယ်လ်စိုင်း(ရှမ်းအညာမြေ)
ဓာတ်ပုံ- မောင်မောင်သန်း(တောင်ကြီး)

မြူမှုန်ကျစ ဆောင်းရာသီအခါသမယ တန်ဆောင်မုန်းလ၏ အအေးဓာတ်က ရှမ်းပြည်နယ် တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများအား အေးချမ်းမှုနှင့်အတူ ပျူငှာနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်နေပေသည်။ တန်ဆောင်မုန်းလဆန်းရက် လရောင်ဆမ်းသော အလင်းရောင်မိုးကောင်းကင် တစ်မိုးအောက်ရှိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းကြီးသည် ရောင်စုံမီးလုံး၊မီးဆလိုက်များဖြာထွန်းလျက် အဝင်မုခ်ဦးတစ်နေရာ၌ တန်ဆောင်တိုင်ပွဲလာပွဲလည် လည်ပတ်သွားလာလှုပ်ရှားသူများဖြင့် ကြက်ပျံမကျစည်ကားလျက်ရှိသည်။


ရှေးနှစ်ပေါင်းများစွာကပင် တန်ဆောင်မုန်းလ၏ အထင်ကရပွဲတော်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် မီးပုံးပျံပြိုင်ပွဲတော်ကို စည်ကားသိုက်မြိုက် မြိုင်မြိုင်ဆိုင်ဆိုင် ဆင်ယင်ကျင်းပ ပြုလုပ်လာခဲ့ကြသည်မှာ ယနေ့တိုင် နှစ်ပေါင်း(၇၀)ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် မှတ်တမ်းများအရ လေ့လာသိရှိရသည်။

ရိုးရာမပျက်ဆင်နွှဲကျင်းပသည့် တောင်ကြီးမြို့၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပြိုင် ပွဲတော်တို့သည် တောင်ကြီးသားတို့ ရှေးရိုးရာအစဉ်အလာ မပျက် နှစ်စဉ်နှစ်တိုင်းလိုလို စုပေါင်းကျင်းပလာခဲ့ကြသော ပွဲတော်တစ်ခုဖြစ်ပေသည်။

နိုဝင်ဘာ ၄ ရက်မှ စတင်ကာ နိုဝင်ဘာ ၁၂ ရက် အထိ ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကြီးကို ကျင်းပလျက်ရှိသည်။ လွန်ခဲ့သောနှစ်များက တန်ဆောင်မုန်းလဆန်း ၅ ရက်မှ တန်ဆောင်မုန်းလပြည့် ကျော် ၁ ရက်အထိ ၁၀ ရက်မှ ၁၂ ရက်တိုင်အောင် ကျင်းပ ခဲ့သော်လည်း ယခုနှစ်တွင် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပလျက်ရှိ ကြောင်း သိရသည်။

နှစ်ပေါင်း (၇၀)ကျော်တိုင် ကျင်းပလာခဲ့သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများစုပေါင်းအားဖြင့် ပူးပေါင်းဆင်နွှဲခဲ့ ကြသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင် ကျင်းပသော ပွဲတော်တစ်ခုဖြစ်ကြောင်း တောင်ကြီးသား တို့က ဆိုသည်။ ခေတ်အဆက်ဆက် ကျင်းပလာခဲ့သည်မှ ယနေ့အထိ မီးပုံးပျံများကို ဆန်းသစ်တီထွင် ရိုးရာမပျက် ပြိုင်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း လေ့လာသိရှိရ သည်။

မီးပုံးပျံပြိုင်ပွဲပါဝင်ဆင်နွှဲ

တောင်ကြီးမြို့နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနုတိုင်းရင်းသားလူမျိုးများအပြင် အခြားတိုင်းရင်းသား လူမျိုးများကလည်း စုပေါင်းပါဝင်ဆင်နွှဲပျော်ကြသည့် ပွဲတော်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ အချင်းချင်း ချစ်ကြည်စည်းလုံးမှု၊ စုပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ် မှု အင်အားတို့ကိုပြသသည့် ရှမ်းပြည်နယ်၏ပွဲတော်များ အနက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ အထင်ကရ တစ်ခုဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲပါဝင်ဆင်နွှဲကြသော တောင်ကြီးသားအချို့က ဆိုသည်။

ရှမ်းပြည်နယ်အတွင်းမှသာမက မြန်မာပြည်အနှံ့ရှိ တိုင်းရင်းသားများနှင့် ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ် လာရောက်လေ့လာပါဝင်ဆင်နွှဲခဲ့ကြသဖြင့် မြန်မာမက ကမ္ဘာသိ စည်ကားလှသော ပွဲတော်ကြီးဖြစ်ပေသည်။
အဆိုပါပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ၏ ဆွဲဆောင်မှု၊ မြို့လုံးကျွတ်ဘုံကထိန်လှည့်လည် ပူဇော်ပွဲ၊ ရောင်စုံမီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက် လုပ်ပူဇော်ပွဲ၊ ညမီးကြီး (ယမ်းမီး) မီးပုံးပျံလွှတ်တင်ပြိုင်ပွဲ၊ တိရစ္ဆာန်အရုပ် (နေ့လွှတ်မီးပုံးပျံ) လွှတ်တင်ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ၊ အငြိမ့်၊ ဇာတ်သဘင်၊ Stage Show တို့က တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ပိုမိုထင်ဟပ် ပေါ်လွင်စေခဲ့သည်။

ဖော်ပြပါပွဲများအပြင် တောင်ကြီးသားတို့နှင့် အနယ် နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည့် ဓာတ်ပုံဝါသနာရှင်၊ ပညာရှင်များအတွက် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပပုံ၏ ပွဲအစ အလယ် အဆုံးမြင်ကွင်းများအား ရိုက်ကူးကာ ဓာတ်ပုံပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။ အလားတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ လှုပ်ရှားမှု ပုံရိပ်များကို ထင်ဟပ်ပေါ်လွင် သမိုင်းတွင်စေရန်နှင့် မှတ်တမ်းများဖြစ်စေရန် ရည်ရွယ်လျက် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းပိုစတာပြိုင်ပွဲများကိုလည်း ၂၀၁၈ ခုနှစ် မှစတင်၍ ထည့်သွင်းကျင်းပစေခဲ့ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်

ယခုနှစ်၌လည်း ယခင်နှစ်များကဲ့သို့ မြို့လုံးကျွတ် ဘုံကထိန်ပွဲ၊ မသိုးသင်္ကန်းရက်လှူပူဇော်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲနှင့် စာပေပြိုင်ပွဲများပါဝင် သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွင် တောင်ကြီးမြို့နှင့် ခရိုင် အတွင်းရှိ ညောင်ရွှေ၊ ရွှေညောင်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ နောင်တရားမြို့နှင့် လွိုင်ကော်မြို့များမှ ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၇၉ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၆ လုံး၊ နေ့လွှတ်တိရစ္ဆာန်အရုပ် ခြေနှစ်ချောင်းအလုံး ၁၅၀၊ ခြေလေးချောင်းအရုပ် ၉၄ လုံး၊ အုပ်စုလိုက်အရုပ် ၃၅ လုံး စုစုပေါင်း မီးပုံးပျံအလုံး ၃၉၄ လုံးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံအလုံးရေ စုစုပေါင်း ၄၁၄ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ယခုနှစ်တွင် လျော့နည်းသွားကြောင်းနှင့် တောင်ကြီး မြို့ခံများက ဝင်ရောက်ယှဉ်ပြိုင်မှု နည်းပါးသွားခဲ့ကြောင်း ပြိုင်ပွဲဝင်အစီအစဉ်များ ဖော်ပြထားချက်အရ သိရသည်။ ယခင်နှစ်က ညလွှတ် ၁၂၃ လုံး၊ နေ့လွှတ် ၂၉၁ လုံးရှိခဲ့ပြီး ယခုနှစ်၌ ညလွှတ်မီးပုံးပျံ ၁၁၅ လုံး၊ နေ့လွှတ် အရုပ် ၂၇၉ လုံးဖြစ်ကြောင်း သိရသည်။

တိုးမြှင့်သတ်မှတ်ပေးထား
ညမီးကြီး(ယမ်းမီး)ပြိုင်ပွဲ နှစ်သိမ့်ဆုအား ကျပ်သုံးသိန်း ခွဲအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း၊ စိန်နားပန်မီးပုံးပျံ ပြိုင်ပွဲ နှစ်သိမ့်ဆုအား ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ပေး ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်အထိမ်းအမှတ် စာပေပြိုင်ပွဲ ဖြစ်သော ဆောင်းပါးပြိုင်ပွဲအတွက် ပထမဆုကျပ်နှစ်သိန်း ငါးသောင်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ် သိန်းနှင့် နှစ်သိမ့်ဆုကျပ်ငါးသောင်း၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲအတွက် ပထမဆုကျပ်တစ်သိန်း၊ ဒုတိယဆုကျပ်ငါး သောင်း၊ တတိယဆု ကျပ်ငါးသောင်းနှင့် နှစ်သိမ့်ဆု ကျပ်သုံး သောင်းစီချီးမြှင့်ကြောင်း သိရသည်။ ပွဲတော်အတွင်း ယာဉ်ရပ်နားခဆိုင်ကယ်တစ်စီးလျှင် တစ်ထောင်နှင့်ကား တစ်စီးလျှင် ကျပ် ၃၀ဝ၀ ကောက်ခံရန် သတ်မှတ်ထားပြီး ဈေးဆိုင်ခန်းများအား ယခင်နှစ်ကထက် တစ်ဆယ်ရာခိုင် နှုန်းလျှော့၍ ဆိုင်ခန်းအမျိုးအစားအလိုက် တစ်ခန်းလျှင် ငွေကျပ်လေးသိန်းခွဲ၊ ကျပ်သုံးသိန်းခွဲနှင့် ကျပ်နှစ်သိန်းကျော် အထိ သတ်မှတ်ရောင်းချပေးနိုင်ခဲ့သဖြင့် ယခင်နှစ်များထက် ယခုနှစ်၌ ဈေးနှုန်းသက်သာခဲ့ကြောင်း သိရသည်။

ရိုးရာမပျက်ဆင်ယင်ကျင်းပ

အချုပ်အားဖြင့် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီး မြို့၏ ရှေးအစဉ်အလာရိုးရာမပျက် ဆင်ယင်ကျင်းပလာခဲ့ သော တောင်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပြိုင်ပွဲတော်ကြီးအား နိုဝင်ဘာ ၄ ရက် ညတွင် တေးသံရှင်ဟိန်းကို ရေးစပ်သီကုံးသီဆိုထားသည့် “တို့ရဲ့ ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲ” တေးသီချင်းဖြင့် တိုင်းရင်း သားပေါင်းစုံလှပျိုဖြူတို့၏ ရိုးရာအကအလှ၊ ကိန္နရီ ကိန္နရာ အက၊ တိုးနရားအက၊ ရှမ်းတို့ရိုးရာ အိုးစည်ဓားသိုင်းအက အလှများပေါင်းစုကာ ရောင်စုံမီးရှူးမီးပန်းများ ဖောက်ခွဲ၊ လွှတ်တင်မှုများ၊ ညမီးကြီး၊ စိန်နားပန်မီးပုံးပျံအလှများ လွှတ်တင်၍ ၂၀၁၉ ခုနှစ် “မြိုင်မြိုင်ဆိုင်ဆိုင်တောင်ကြီး တန်ဆောင်တိုင်” ပွဲတော်သို့ တစ်ခေါက်တစ်ခါလှမ်းလာ ခဲ့ပါဟု ရောက်ဖူးသူ မရောက်ဖူးသေးသူ ရပ်နီးရပ်ဝေးနေ မိဘပြည်သူအပေါင်းတို့အား ဖိတ်ခေါ်ရေးသားတင်ပြလိုက်ရပါသည်။