သုတေသန၊ ရလဒ်၊ အဓိပ္ပာယ်ကောက်ယူမှုနှင့် အကျိုးသက်ရောက်မှု

၂၇ ဇန်နဝါရီ

သုတေသနလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ R & D (Research and Development) ဆိုသည့် စကားလုံးနှစ်လုံးက ကုမ္ပဏီတိုးတက်မှု၊ လုပ်ငန်းတိုးတက်မှု၊ ဌာနတိုးတက်မှု၊ နိုင်ငံတော်တိုးတက်မှုအထိ အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။ ထွက်နှုန်းကောင်း၍ ရောဂါဒဏ်ခံနိုင်သည့် အပင်မျိုးများ၊ တိရစ္ဆာန်မျိုးများ၊ ရောဂါကုသနည်းများ၊ ကာကွယ်ဆေးများ၊ စက်ပစ္စည်းအသစ်အဆန်းများ စသည့် လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မှုများသည် သုတေသနရလဒ်များကို မှန်ကန်စွာအဓိပ္ပာယ် ကောက်ယူမှုနှင့် ကောင်းမွန်သော အကျိုးသက်ရောက်မှုများပင် ဖြစ်ပါသည်။ တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများ၊ ဌာနများတွင်လည်း သုတေသနဆောင်ရွက်မှုများကို အားပေးလာကြသည်။ အဆိုပါ သုတေသန၏ ရလဒ်များကိုအခြေပြု၍ ကောက်ချက်ချ အဆွဲထုတ်ကာ ပြုပြင်သင့်သည်များ၊ လုပ်ဆောင်သင့်သည်များ၊ အသစ်ဆောင်ရွက်ရန်ကိစ္စရပ်များကို အကျိုးရှိအောင် ဖန်တီးပြုပြင်လုပ်ဆောင်ကြရသည်။

စီးပွားရေးစာရင်းအင်းပညာအရ သတ်မှတ်ထား

မည်သည့်သုတေသနုမဆို လေ့လာသောနယ်ပယ်၊ အဝန်းအဝိုင်း၊ အကန့်အသတ်ရှိသည်။ အဆိုပါ အဝန်းအဝိုင်း၊ အကန့်အသတ်အတွက် ကိုယ်စားပြုရန် ကောက်ယူသော သို့မဟုတ် ရွေးချယ်သောနမူနာပစ္စည်း အရေအတွက်ကိုလည်း စီးပွားရေးစာရင်းအင်းပညာ (Statistics)အရ သတ်မှတ်ထားသည်။ ကိုယ်လိုချင်သော အရေအတွက်၊ ကိုယ်လိုချင်သောနေရာလေးကိုသာ ကွက်ယူ၍မရ။ နမူနာပစ္စည်းယူနည်းစနစ် (Sampling Method)ဖြင့် သတ်မှတ်ထားသည်။ ကြုံရာကျပန်း ကောက်ယူမည်လား (Randan Method)၊ နှစ်ခုကျော်၊ သုံးခုကျော်စီကောက်ယူမည်လား စသည်ဖြင့် သုတေသန ပြုလုပ်လိုသောသတ်မှတ်ဘောင်ကို ကိုယ်စားပြုရန် ချမှတ်ထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါသုတေသနမှ ထွက်ရှိလာသော ရလဒ်အဖြေသည် သုတေသနအဝန်းအဝိုင်း၊ တောင်၊ အကန့်အသတ်အတွက် မှန်ပါသည်။ သို့သော် လုပ်ငန်းတစ်ခုလုံး၊ ဌာနတစ်ခုလုံး၊ နယ်ပယ်တစ်ခုလုံး၊ နိုင်ငံ တစ်နိုင်ငံလုံးအတွက် ကိုယ်စားမပြုနိုင်ပါဆိုသည်ကို အားလုံးသိရှိလက်ခံရမည်ဖြစ်ပါသည်။ 

တစ်နေရာ၊ တစ်ဒေသ၊ အခြေအနေတစ်ခုအတွက် ရရှိသောရလဒ်ကို နေရာအားလုံး၊ ဒေသအားလုံး၊ အခြေ အနေအားလုံးအတွက်ဖြစ်သည်ဟု လွဲမှားစွာအဓိပ္ပာယ် ကောက်ယူပါက အကျိုးရလဒ်ကောင်းမရနိုင်သည့်အပြင် ဆန့်ကျင်ဘက်ဆိုးကျိုးများကိုပါခံစားရနိုင်မည်ဖြစ်ပါသည်။

လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူ ခွေးရူးရောဂါဖြစ်ပွားမှုစစ်တမ်းတွင် ဖြစ်ပွားခဲ့မှုများကိုလည်း ပြန်လည်တင်ပြလိုပါသည်။ ခွေးရူးရောဂါစစ်ဆေးမှု ရလဒ်အပေါ်မူတည်၍ ပြည်သူများအထိတ်တလန့် ဖြစ်ဖူးသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခွေးရူးရောဂါစစ်ဆေးမှုရလဒ်တွင် လာရောက်စစ်ဆေးသော ခွေးကောင်ရေပမာဏ၏ တစ်ဝက်ကျော်၌ ခွေးရူးရောဂါပိုး တွေ့နေသည်။ လာရောက်စစ်ဆေးသည်ဆိုကတည်းက သံသယရှိသောခွေး ( ဦးနှောက်ကိုသာ စစ်ဆေးကြခြင်းဖြစ်ပြီး ခွေးရူးသံသယမရှိဘဲသေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသောကိစ္စရပ်များအတွက် မည်သူမျှအခကြေးငွေပေးပြီး ခွေးရူးရောဂါ ရှိ၊ မရှိကို စစ်ဆေးမည်မဟုတ်ပါ။ 
သို့သော်လည်း အထက်ပါရလဒ်ကို ခွေးအားလုံးအပေါ်သို့ ဆွဲယူလိုက်သောအခါ “ရန်ကုန်ရှိခွေးများ၏ တစ်ဝက်ကျော်သည် ခွေးရူးရောဂါပိုးရှိနေပြီး မြန်မာနိုင်ငံ၏ခွေးများတွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ခွေးရူးရောဂါပိုးရှိနိုင်သည်” ဟု လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူလိုက်သောအခါ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပါ ထိခိုက်ရလေသည်။

လူမှုကွန်ရက်တွင်ဖတ်မိ ယခုလည်း “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိဈေးများတွင် ဗမာကြက်နှင့် အသားတိုးကြက်သားအစိမ်းများတွင် ဆဲလ်မိုနဲလား (Salmonella) ပိုး တွေ့ရသည်။ ထိုပိုးများမှာ ပဋိဇီဝပိုးသတ် ဆေးယဉ်ပါးနေကြောင်း မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင်တင်သွင်းသော စာတမ်းတစ်စောင်မှသိရ”ဟု လူမှုကွန်ရက်တွင် ဖတ်မိလိုက်ပါသည်။ ကြက်သားကို ကျက်အောင်ချက်စားပါက အဆိုပါ ပိုးသေကြောင်းလည်း ဖော်ပြထားပါသည်။

ကြက်သားမှာ ပိုးတွေ့တယ်ဆိုပြီး အလွန်အမင်း အကြောက်လွန်သူများအတွက် ကြက်မွေးမြူရေးလုပ်ငန်းများ ထိခိုက်မည်စိုးရိမ်သောကြောင့် ပြည်သူများကို တင်ပြချင်ပါသည်။ 

ကြက်သားများကို ကျက်အောင်ချက်စားပါက မည်သည့်ရောဂါမျှ မဖြစ်နိုင်ပါ။

အသေးစိတ်သတ်မှတ်ချက်များထားရှိ

ပိုးလုံးဝကင်းစင်သည့်အရာမှာ ထိုးဆေးများ၊ သောက်ဆေးများ စသည့်ဆေးဝါးများဖြစ်ပါသည်။ အစားအသောက်တွင် ပိုးများရှိနိုင်သည်။ ချက်ပြုတ်ထားသော အစားအသောက်ထက် အသားစိမ်း (Raw Meat) များတွင် ပိုးပိုမို ပါဝင်နိုင်သည်။ အချို့အစားအသောက်နှင့် သောက်ရေသန့်များတွင် မည်သည့်ပိုး လုံးဝမပါဝင်ရ၊ မည်သည့်ပိုးများက မည်မျှအထိသာပါဝင်ခွင့်ပြုသည်ဟု အသေးစိတ် သတ်မှတ်ချက်များ (Specifications) ထားရှိသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကြက်သားအထုပ် ၁၀၀လျှင် နမူနာ ၆၃ ခုနှုန်းဖြင့် စစ်ဆေးရာ ၁၆ ရာခိုင်နှုန်း ဆဲလ်မိုနဲလားပိုး တွေ့ရှိခဲ့ရသည်။ 

ဆဲလ်မိုနဲလားပိုးတွင် တိုက်ဖွိုက် မျိုးစိတ်သာမဟုတ်၊ အခြားမျိုးစိတ်များလည်းရှိသေးသည်။ ဆဲလ်မိုနဲလား ပူလိုရမ် (Salmonella pullorum) ဆိုလျှင် ကြက်များတွင် ကြက်ချေးဖြူ ကပ်ရောဂါ ဖြစ်စေသည်။

မြန်မာနိုင်ငံတွင် ခေတ်မီကြက်သားထုတ်လုပ်ရေးရုံ ရွာသာကြီး၌ ရှိခဲ့ဖူးသည်။ ရောဂါပိုးအများစုမှာ ဝမ်းတွင်းကလီစာ၊ အူလမ်းကြောင်းတစ်လျှောက်နှင့် ဥပြွန်၊ မျိုးပွားလမ်းကြောင်းများတွင် ရှိတတ်သည်။ ကြက်ကိုအမွေးနုတ်၊ ရင်ခွဲကလီစာထုတ်၊ တစ်ကောင်ခုတ်ပြီးလျှင် မည်သည့်ဈေးသည်မျှ ဓား၊ စဉ်းတီတုံး၊ လက်တို့ကို မဆေးကြောပါ။

ရောဂါရှိသောကြက်တစ်ကောင်ကို ကိုင်တွယ်ခုတ်ထစ်ပြီး နောက်အကောင်တွေကို ကိုင်တွယ်ခုတ်ထစ်လျှင်ထိုအသားများ၌ ရောဂါပိုးများ ထိတွေ့ပြန့်ပွားသွားနိုင်ပါသည်။ ထို့ကြောင့် ကောင်းမွန်သောကိုင်တွယ်မှုကျင့်စဉ် (Good Handling Practices-GHP) လည်း လိုပါမည်။ ကိုင်တွယ် ခုတ်ထစ်မှုများကြောင့် ရောဂါမရှိသော ကြက်တွင် ရောဂါပိုးတွေ့နေခြင်းလည်း ဖြစ်သွားနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတလည်းလိုမည် ကျန်းမာရေးအတွက် သုတေသနတွေ့ရှိချက်များကို ကြိုဆိုပါသည်။ သို့သော် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် ဧရိယာသုံးခုအတွက် နမူနာဗမာကြက် ၂၈ ကောင်နှင့် အသားတိုးကြက် ၂၈ ကောင်သည် ကိုယ်စားပြုနိုင်သောပမာဏ ရှိ၊ မရှိကိုလည်း ဆန်းစစ်နိုင်သည်။ ထို့ကြောင့် အကြောက် လွန်ဖို့ မလိုသကဲ့သို့ ကျန်းမာရေးဗဟုသုတလည်းလိုမည် ဖြစ်သည်။

ဆဲလ်မိုနဲလားပိုး၏ ပဋိဇီဝဆေးယဉ်ပါးမှု (Antimi crobial Resistant) များကိုလည်း ဂရုစိုက်ရမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့တွင်လည်း တွေ့ရှိရသည်။ ကိုင်တွယ်ရောင်းချ သူများကိုပါ လက်တို့ဖတ် (Hand Swab)၊ နှာခေါင်းတို့ ဖတ် (Nasal Swab)၊ မစင် ( Stool Test) စသည့် စစ်ဆေးရန် လိုအပ်သော နမူနာပစ္စည်းတို့ကို ဓာတ်ခွဲခန်းတွင် C & S (Culture and Sensitivity Test) (ပိုးမွေးဆေးစစ်) စစ်ဆေးမှုများပြုလုပ်ပေးနိုင်ပါက ကြက်ကြောင့်လား၊ ကိုင်တွယ်သူကြောင့်လား ဆိုသည်ကိုပါ ပိုမိုသိရှိခွင့်ရမည် ဖြစ်သည်။

သတိပြုမိကြရန်လို မွေးမြူရေးလုပ်ငန်းများအနေဖြင့်လည်း (Good Animal Husbandry Practices - GAHP) ကောင်းမွန်သော မွေးမြူထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ မွေးမြူရန်နှင့် အသားထုတ်လုပ်ရေးရုံများ (Slaughter House) စနစ်တကျ ရှိရေးမှာလည်း ပြည်သူလူထုကျန်းမာရေးအတွက် မည်မျှအရေးကြီးကြောင်း သတိပြုမိကြရန်လိုသည်။

သုတေသနများသည် နိုင်ငံတော်အတွက် အလွန်လိုအပ်ပါသည်။ သို့သော် သုတေသနမှထွက်ရှိလာသော  အဖြေရလဒ်သည် သုတေသနအဝန်းအဝိုင်း၊ တောင်၊ အကန့်အသတ်အတွက်မှန်သော်လည်း အဓိပ္ပာယ်ကောက်ယူမှုယူဆချက်များ မလွဲမှားအောင်၊ မှန်ကန်သော အကျိုးသက်ရောက်မှုသို့ ဦးတည်အောင် ဖော်ဆောင်နိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။

ဒေါက်တာသန်းစိုးအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)