သရုပ်ဆောင် အေးမြတ်သူနှင့် တွေ့ဆုံမေးမြန်းခြင်း

မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်အလုပ်များ လုပ်ကိုင်ခဲ့သည့် အေးမြတ်သူသည် “နောင်တွင် ဥဒါန်းတွင်စေသတည်း" ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်လျက်ရှိရာ လတ်တလော ရုံတင်ပြသနေသော "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးတွင် မစောလှအဖြစ် သရုပ်ဆောင်ထားသည်။ လက်ရှိအချိန်တွင် ရိုက်ကူးနေဆဲဖြစ်သော “အဆိပ်” ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်လျက်ရှိရာ အေးမြတ်သူ ဆက်လက်လုပ်ဆောင်သွားမည့် အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

 

မေး။ ။ကမ္မဖလမှာ ပရိသတ်ကို တစ်ခုခုပြောချင်တာရှိမလား။ ဒီကားမှာ အမှတ်တရတွေရော ရှိခဲ့လား။

 

ဖြေ။ ။အမှတ်တရဆိုရင်တော့ ဒီဇာတ်ကား ရိုက်နေရတဲ့အချိန်‌တွေမှာ အေးမြတ်သူ ပျော်နေခဲ့တယ်။ အဲဒီလို mood ရဖို့က တကယ်မလွယ်တာ။

 

မစောလှ ဖြစ်နေရတဲ့အချိန်တွေမှာ အေးမြတ်သူ သတိထားမိတာက စိတ်သောကကင်းပြီး ပျော်ရွှင်နေတာကိုပါ။

 

မေး။ ။ ဒီဇာတ်ကားအပေါ် ကိုယ်တိုင်ရော စိတ်တိုင်းကျခဲ့လား။

 

ဖြေ။ ။ တစ်ကားလုံး စိတ်တိုင်းကျပါတယ်။ ဒါရိုက်တာ ဦးစိုးမိုးကလည်း တကယ်တော်ပါတယ်။ စာနယ်ဇင်းပွဲနေ့မှာ အေးမြတ်သူ ကြည့်လိုက်ရကတည်းက သဘောကျလို့ ပြုံးနေမိတယ်၊ ကြည်နူးမိတယ်။ ပရိသတ်တွေလည်း အေးမြတ်သူလိုပဲ ကျေနပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နာမည်ကြီး စာရေးဆရာကြီး ဆရာတင့်တယ်ရဲ့ စာဖတ်ပရိသတ်တွေလည်း ကြည့်ပြီးရင် ဝေဖန်အကြံပြုဖို့ ပြောချင်ပါတယ်။ အေးမြတ်သူက မစောလှ လေးဖြစ်ရဲ့လားလို့ပေါ့နော်။ ဒီလို ဝေဖန်အကြံပြုကြမှလည်း အေးမြတ်သူ‌တို့ အတွက် အတွေ့အကြုံတွေရတာပါ။

 

မေး။ ။၂၀၂၀ မှာ ဘာ‌တွေ ထူးခြားတာရှိမလဲ။

 

ဖြေ။ ။အဲဒီလိုတော့ မရှိပါဘူး။ ဇန်နဝါရီလကစပြီး အေးမြတ်သူမှာ လက်ခံထားတဲ့အလုပ်‌တွေလုပ်ပါမယ်။ ဇာတ်လမ်းတွဲလက်ခံထားတာ ရိုက်မယ်။ ကြော်ငြာတွေလည်း ရိုက်ဖို့ရှိပါတယ်။

 

မေး။ ။ "ဝင်္ကဘာလမ်းမများ" ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်လက်ခံ ဖြစ်ပုံကရော။

 

ဖြေ။ ။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်တာကတော့ အဓိကအချက်က ရုပ်ရှင်ရုံ မရှိတဲ့မြို့တွေအတွက် ဇာတ်လမ်းတွဲတွေက အဆင်ပြေလို့ပါ။ အရင်ကတော့ ဗီဒီယိုကားတွေရှိတဲ့အတွက် ဗီဒီယိုခေတ်မှာ ပရိသတ် နှစ်သက်လက်ခံမှုကို အေးမြတ်သူ ရခဲ့တယ်။ ကိုယ်တိုင်လည်း ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ချင်ဘူး။ ရှေ့မှာလည်း အေးမြတ်သူရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲ တွေကို ပရိသတ်က အထိုက်အလျောက် လက်ခံပေးကြတယ်။ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ရခဲ့တဲ့အတွက် ဇာတ်လမ်းတွဲကမ်းလှမ်းလာရင် သေသေချာချာလေး စိစစ်ပြီး ရိုက်ဖို့ မျှော်လင့်ခဲ့တယ်။ ဒီအချိန်မှာ Media 7 က ရိုက်မယ်ဆိုတဲ့ ဇာတ်ကြမ်းလေး ရောက်လာတယ်။ အကြမ်းဖတ် ကြည့်ချိန်မှာ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာအသစ်ဖြစ်တယ်။ အေးမြတ်သူရဲ့ လက်ရှိပုံစံမျိုးနဲ့ မကိုက်တဲ့ပုံစံလည်း ဖြစ်နေတယ်။ ဒါကြောင့် ရအောင်တော့ လုပ်ကြည့်ချင်တယ်။ ပါဝင်မယ့်သူတွေကလည်း ကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ မသက်မွန်မြင့်တို့ ဖြစ်နေတယ်။ သူတို့နဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ပျော်တယ်။ တက်သစ်စ ညီမလေးတွေလည်း ပါမယ်။ ပျော်စရာကားတစ်ခုလည်း ဖြစ်မယ်။ နောက် Musical ဇာတ်ကားတစ်ခုလည်း ဖြစ်မယ်ဆိုတော့ ဘဝမှာ အမှတ်တရတစ်ခုဖြစ်မယ်လို့လည်း ထင်လို့ လက်ခံပြီး ရိုက်ဖြစ်တာပါ။

 

ကိုလင်း