ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့ညနေ တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများစီးဝင်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရေဝင်ရောက်မှု အခြေအနေနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ အနိမ့်ပိုင်းလူနေရပ်ကွက်များဖြစ်သော ဘားအံမြို့ အမှတ်(၅)ရပ်ကွက် အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း(၄)လမ်း လမ်းဆုံ၊ ရော်ဘာခြံ (၄)လမ်း၊ အမှတ်(၂)ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် လူနေရပ်ကွက်များအတွင်း သံလွင်မြစ်ရေ ဝင်ရောက်မှုအခြေအနေနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များက သံလွင်မြစ်ရေ ယခုထက် ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး၊ ယာယီရေဘေးစခန်းများ ဖွင့်လှစ် ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်များတွင် ဆက်လက်နေထိုင်ရန်မသင့်တော့သည့် ပြည်သူများအား ဘေးလွတ်ရာ ယာယီရေဘေးစခန်းများသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ညဈေးတန်းနေရာနှင့် အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်း View Point နေရာတို့ကို ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး Ms.Gwyn Lewis နှင့်အဖွဲ့အား ဘားအံမြို့ ပြည်ထောင်စုရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် နေထိုင်စားသောက်ရေး၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


