ရန်ကုန် ဩဂုတ် ၉
သန်လျင်ခရိုင်၌ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းဆင့်အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ဦးစွာ သန်လျင်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဟန်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ထွန်းဦးတို့က အာဟာရပြည့်ဝမျှတသည့် အစားအစာများပြင်ဆင်ချက်ပြုတ်ခြင်း သရုပ်ပြပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သန်လျင်ခရိုင်အတွင်းရှိ အထက (၄) သန်လျင်၊ အလက (ခွဲ) ရဲတပ်ရင်း (ကျောက်တန်း)၊ အထက (၂) သုံးခွနှင့် အထက (ညောင်ပင်ကွင်း) ခရမ်းမြို့နယ်တို့၏ အာဟာရချက်ပြုတ်ယှဉ်ပြိုင်နေမှုကို ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒိုင်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အကဲဖြတ်အမှတ်ပေးကြသည်။
ယင်းနောက် ပထမဆုရ အလက (ခွဲ) ရဲတပ်ရင်း (ကျောက်တန်း)၊ ဒုတိယဆုရ အထက (၄) သန်လျင်၊ တတိယဆုရ အထက (၂) သုံးခွနှင့် အထူးဆုရ အထက (ညောင်ပင်ကွင်း) ခရမ်းမြို့နယ်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းဝင်း (သန်လျင်)


