နေပြည်တော် ဩဂုတ် ၃
သမဝါယမစနစ်အခြေပြု ကျေးလက်ဖွံ့ဖြိုးရေး (Cooperative based Rural Development - CBRD)အတွက် ပြုလုပ်သည့် သမဝါယမစနစ်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေးနှင့် အစုအဖွဲ့စနစ်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ စာတမ်းရှင် ခုနစ်ဦးက ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းခေါင်းစဉ်အလိုက် ဦးစီးဌာနများက ဆွေးနွေးကြပြီး ဆွေးနွေးချက်ရလဒ်များအရ စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်ရန်၊ သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာရန်၊ သမဝါယမ စနစ်ကိုအခြေခံသည့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ခြင်းနှင့် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တက်ရောက်အမှာစကား ပြောကြားသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာအုပ်စု ဇောင်ချမ်းကုန်းကျေးရွာ ခန်းမ၌ သမဝါယမအသင်းသား တောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာလူထု၏ စည်းလုံးညီညွတ်မှုအားဖြင့် ကျေးရွာဘက်စုံဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်ကျသော လုပ်ငန်းများဖြစ်စေရေးနှင့် အသင်းသားတောင်သူများ စိုက်ပျိုးသည့် သီးနှံအလိုက် လိုအပ်သည့်သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကလည်း အသင်းသားတောင်သူများ၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ပံ့ပိုးပေးလျက်ရှိသဖြင့် သီးထပ်သီးညှပ် ကြိုးပမ်း စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝက်မွေးမြူရေးလုပ်ငန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်းရန်ပုံငွေဖြင့် အစုအဖွဲ့စနစ် ကျွဲမွေးမြူရေးလုပ်ငန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော ခိုင်မာစက်ချုပ်လုပ်ငန်းတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


