သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ် တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှု ရှိစေရန်ရည်ရွယ်၍ CNG  ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ကို ၁-ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။

 

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) သည် သဘာဝဓာတ်ငွေ့ကို လေထုဖိအား၏ အဆ ၂၀၀ ဖြင့် ဖိသိပ်၍ အိုးအတွင်း ထည့်သွင်းထားသည့် ဖိအားအလွန်မြင့်သော ဓာတ်ငွေ့ ဖြစ်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပါက ပတ်ဝန်းကျင်ရှိ အများပြည်သူ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန သည် CNG ယာဉ်များ၏ ဆလင်ဒါအိုးနှင့် ဆက်စပ်ပစ္စည်းများ ဘေးကင်းလုံခြုံမှု (Safety) ရှိ/မရှိ နှစ်စဉ် နှစ်ပတ်လည်စစ်ဆေးခြင်းများ (Annual Inspection) ဆောင်ရွက်ပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ထုတ်ပေး၍ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG)ကို ရောင်းချ ပေးလျက်ရှိပါသည်။

 

ထို့အပြင် မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့ဌာနရှိ CNG Retest Factory အလုပ်ရုံတွင်လည်း ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်းငါးနှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ပထမအကြိမ်  စစ်ဆေး မှုခံယူစေခြင်း၊ ၁၀ နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ဒုတိယအကြိမ် စစ်ဆေးမှုခံယူစေခြင်း၊ သက်တမ်း ၁၅ နှစ် ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို သတ်မှတ်စံချိန်စံညွှန်းများအရ သက်တမ်း လွန်ပယ်ဖျက် (Reject) အဖြစ် သတ်မှတ်ကာ အိုးအသစ်ပြောင်းလဲတပ်ဆင် အသုံးပြုစေခြင်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် CNG ယာဉ်များ အနေဖြင့် ယာဉ်တွင်တပ်ဆင် အသုံးပြုလျက်ရှိသော သက်တမ်း ၁၅ နှစ်ပြည့်ပြီး ဖြစ်သည့် CNG ဆလင်ဒါအိုးများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ CNG ဆလင်ဒါအိုးအသစ် လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနသို့ လာရောက်၍ စစ်ဆေးမှုခံယူသွား ကြရန်နှင့် သက်တမ်းကျော်လွန်ပြီး CNG ဆလင်ဒါအိုး အသစ်လဲလှယ်ခြင်းမရှိသော ယာဉ်များကို သဘာဝဓာတ်ငွေ့ ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်သောကြောင့် အိုးအသစ်လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနတွင် လာရောက်စစ်ဆေးမှု ခံယူပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်အား ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန