သက်သတ်လွတ်စစားပြီးနောက် သီတင်းလေးပတ်အတွင်းမှာပင် မျိုးဗီဇလုပ်ဆောင်ချက်များ ပြောင်းလဲသွားကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ ဒီအင်န်အေ မပြောင်းလဲသော်လည်း မျိုးဗီဇများ(genes)၏ လုပ်ဆောင်ချက်များ ပြောင်းလဲသွားခြင်းဖြစ်သည်။
သိပ္ပံပညာရှင်များက သက်သတ်လွတ်စားချိန် တစ်လကြာသူများကို ပုံမှန်အသားစားသူများနှင့် နှိုင်းယှဉ်လေ့လာခဲ့ကြခြင်းဖြစ်သည်။ သက်သတ်လွတ်တစ်လကြာ စားထားသူများသည် အသားစားသူများထက် ရောင်ရမ်းမှု၊ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတို့ ပိုနည်းသွားပြီး ဇီဝအိုမင်းမှုဖြစ်စဉ်ကိုလည်း နှေးစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ကာလီဖိုးနီးယားတက္ကသိုလ် ဆန်ဒီယာဂိုဆေးကျောင်းမှ အာရုံကြောသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာ ဂျရုမ်းမာတင်က “ကျွန်တော်တို့ရဲ့ မျိုးဗီဇဟာ ကျွန်တော်တို့ရဲ့ကံကြမ္မာမဟုတ်ပါဘူး။ အခု သိသာထင်ရှားတဲ့တွေ့ရှိမှုက စားသောက်ပုံတစ်မျိုးဟာ နောက်တစ်မျိုးထက် ပိုကောင်းတယ်လို့ မဆိုလိုပါဘူး။ သီတင်းလေးပတ်အတွင်းမှာပဲ တိုင်းတာလို့ရလောက်အောင် ပြောင်းလဲသွားတယ်လို့ပဲ ဆိုလိုပါတယ်။ ကျွန်တော်တို့ မကြာခဏပြောဖူးသလိုပဲ ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ်တွေဟာ တက်တက်ကြွကြွပြောင်းလဲနေတယ်၊ နေ့စဉ်ရွေးချယ်မှုတွေကို တုံ့ပြန်ပေးတယ်ဆိုတာကို ပိုမိုထင်ရှားစေခဲ့ပါတယ်”ဟု ရှင်းပြသည်။
ထိုလေ့လာမှုတွင် အရွယ်ရောက်ပြီး ကျန်းမာသူစေတနာ့ဝန်ထမ်း ၄၈ ယောက်ကို အစားအစာပုံစံ အမျိုးမျိုးချမှတ်၍ စားစေပြီး သွေးထဲတွင်ပါဝင်လာသည့်ဓာတ်တို့ကို စမ်းသပ်ကြည့်ခဲ့ခြင်းဖြစ်သည်။ ကယ်လိုရီတူသည့် အစားအသောက်နှစ်မျိုး၏ သက်ရောက်မှုများကို နှိုင်းယှဉ်ခဲ့ခြင်းကလည်း လေ့လာမှု၏အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ခဲ့သည်။
Ref: scitechdaily


