သက်ရှည်ကျန်းမာဖို့ ပြည်သူအားလုံးလိုက်နာစို့ …..

မေဇင်ဦး

ကျန်းမာခြင်းဆိုသည်မှာ ရောဂါဘယကင်းရှင်းပြီး ခန္ဓာကိုယ်ချို့ယွင်းမှုမရှိရုံမျှသာမက ကာယသုခ(ရုပ်ပိုင်းဆိုင်ရာ)၊ စိတ္တသုခ(စိတ်ပိုင်းဆိုင်ရာ)၊ မိတ္တသုခ (လူမှုရေးဆိုင်ရာ) တို့နှင့်ပြည့်စုံနေသော အခြေအနေကိုဆိုလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၄၈ ခုနှစ်တွင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။

ယနေ့ခေတ်ကာလတွင် ရာသီဥတုနှင့် ဂေဟစနစ်ပြောင်းလဲလာမှုများ၊ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာမှုနှင့်အတူ ကူးစက်ရောဂါအသစ်များ အသစ်တစ်ဖန်ပြန်လည်ဖြစ်ပွားလာသော ရောဂါများနှင့် အခြားမကူးစက်နိုင်သောရောဂါများသည် ကမ္ဘာ့လူသားများ၏ ကျန်းမာ ရေးကို နေ့စဉ်စိန်ခေါ်မှုများအဖြစ် ပေါ်ထွက်လာလျက်ရှိပြီး ကမ္ဘာအနှံ့ရှိ လူသန်းပေါင်းများစွာ၏ ကျန်းမာရေးကိုထိခိုက်စေပါသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်ဖြစ်၍ ကျေးလက်နှင့် ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်ကြသူများအပါအဝင် ပြည်သူအားလုံးကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက စီမံကိန်းများ၊ စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးဆိုသည့် ရည်မှန်းချက်နှစ်ရပ်ကိုချမှတ်ပြီး ကျေးလက်ဒေသအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသမှုပေးခြင်းဟူသည့် နည်းနာသုံးချက်ဖြင့် စနစ်တကျ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနည်းလမ်းဖြစ်သည့် ကျေးလက်ဒေသအထိ ကျယ်ပြန့်ထိရောက်စွာ ကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်းသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါသည်။

လူတိုင်းလူတိုင်း ကျန်းမာရန်အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်လက်များကို တိကျမှန်ကန်စွာသိရှိပြီး လိုက်နာကျင့်သုံးရန်အရေးကြီးပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံသို့ လျှောက်လှမ်းရာတွင် အရေးကြီးဆုံးအချက်မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် “နေထိုင်စားသောက်မှုပုံစံ” များပင်ဖြစ်ပါသည်။ နေ့စဉ်အစားအသောက်များ စားသောက်ရာတွင် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်စားသုံးတတ်ရန် လိုအပ်ပါသည်။

အာဟာရဓာတ်ခြောက်မျိုး

သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို လုံလောက်မျှတစွာစားသောက်ရပါမည်။ အင်အားဖြစ်ထွန်းစေသော အစားအစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုနှင့် ရောဂါကာကွယ်စေသော အစာအုပ်စု ဟူသော အစာအုပ်စု သုံးမျိုးလုံးပါရမည်ဖြစ်သကဲ့သို့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်များနှင့်ရေ စသည့်အာဟာရ ဓာတ်ခြောက်မျိုးပါဝင်အောင်လည်း နေ့စဉ်စားသုံးရပါမည်။

မိမိ၏ အသက်အရွယ်၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ ပေါ်မူတည်၍ အာဟာရဓာတ်များ အမျိုးအမည်စုံလင်ပြီး ပမာဏအားဖြင့်လည်း လုံလောက်မျှတအောင် စားသုံးရပါမည်။ ဥပမာ- ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ တိရစ္ဆာန်မှရသောအစာ၊ ပဲအမျိုးမျိုး၊ ဗီတာမင်အေ ပါဝင်သော အသီးအရွက်နှင့် သစ်သီးဝလံများကို မိမိတို့နေထိုင်ရာဒေသအလိုက် ဒေသထွက်အာဟာရဖြစ်စေသော အစားအစာများကို စုံလင်အောင်စားသုံးသင့်ပါသည်။ မိမိတို့ စားသုံးမည့်အစားအစာများ၏ သန့်ရှင်းရေးသည် အလွန်အရေးကြီးသည့်အတွက် အစားအစာချက်ပြုတ်သည့်အခါတွင်လည်း လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောရပါမည်။ အစားအစာသန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ယင်လုံအိမ်သာသုံးစွဲရေးတို့သည် ကျန်းမာရေးအခြေခံ ကောင်းမွန်ရန်အတွက် အဓိကကျသော သော့ချက်များဖြစ်ပါသည်။

ယနေ့ခေတ်အခါကာလတွင် အသင့်စားထုပ်ပိုးအစားအသောက် မျိုးစုံပေါ်လာပြီး လွယ်လင့်တကူ ဝယ်ယူစားသောက်နေကြခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်စေသောအရာများ သုံးစွဲခြင်း၊ အရက်သေစာအလွန်အကျွံသောက်သုံးခြင်း၊ ဓာတုဆေးဝါးများ ပါဝင်သော အချိုရည်များသောက်သုံးခြင်း၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများ စားသုံးခြင်းတို့ကြောင့် လူသားတို့၏ ကျန်းမာရေးကို လွန်စွာထိခိုက်စေပါသည်။

တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ်ရန်လိုအပ်

အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်းသာမက ကျန်းမာစေရန်အတွက် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း အလွန်အရေးကြီးပါသည်။ တစ်ရက်လျှင် အနည်းဆုံးနာရီဝက်ခန့် တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောကြားထားပါသည်။ အကောင်းဆုံးနှင့် ငွေကုန်ကြေးကျမရှိသော လေ့ကျင့်ခန်းမှာ ခပ်သွက်သွက်လမ်းလျှောက်ခြင်းပင်ဖြစ်ပါသည်။ တစ်ရက်လျှင် ခြေလှမ်းပေါင်း အနည်းဆုံး ၆၀၀၀ ခန့်လျှောက်ရန် လိုအပ်ပါသည်။ လမ်းလျှောက်ခြင်းသည် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြု၍ ခန္ဓာကိုယ်အချိုးအစားကိုလည်း ထိန်းသိမ်းထားနိုင်ခြင်းကြောင့် အဝလွန်ရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။

ကျန်းမာခြင်းသည် ချမ်းသာခြင်းဆိုသည့်အတိုင်း လူတိုင်းကျန်းမာကြံ့ခိုင်စေရန် အလွန်အရေးကြီးပါသည်။ ယနေ့ခေတ်တွင် လူသားတို့ကိုခြိမ်းခြောက်လာနေသော ရောဂါများတွင် ကူးစက်ရောဂါများသာမက မကူးစက်နိုင်သောရောဂါများလည်း ပါဝင်လာပါသည်။ ထိုရောဂါများသည် များသောအားဖြင့် အသက် ၄၀ ကျော်အရွယ်များ တွင်အဖြစ်များပါသည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို သွေးချို ရောဂါ၊ နာတာရှည် အဆုတ်ရောင်ရောဂါနှင့် ကင်ဆာရောဂါများ အဖြစ်များပြီး မိမိတို့၏ မကျန်းမာသော လူနေမှုဘဝပုံစံနှင့် မကူးစက်နိုင်သောရောဂါများက များစွာဆက်စပ်နေပါသည်။

ဆိုဒီယမ်ပါသည့် အစားအစာများ

ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် သွေးတိုး၊ ဆီးချို အစရှိသည့်ရောဂါများ အဖြစ်များလာခြင်း ဖြစ်ပါသည်။ အဆိုပါရောဂါများသည် မိမိတို့၏ ကာလကြာရှည်စွာ နေထိုင်ကျင့်သုံးခဲ့သည့် နေထိုင်မှုပုံစံများကြောင့် ဖြစ်ပွားလာရသည်ကို သိရှိ၍ ဤအရာများကို တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲပေးရပါမည်။ ဆိုဒီယမ်ပါသည့် အစားအစာများကိုလည်း ရှောင်ရပါမည်။

ဆိုဒီယမ်ဟုဆိုသည်နှင့် ဆားကိုသာ ယိုးစွပ်ကြပြီး အမှန်တကယ်မှာ အသင့်စားအစားအစာအားလုံးနီးပါးနှင့်အတူ အချိုမှုန့်၊ ကြက်သား မှုန့်၊ ငါးပိ၊ ငါးခြောက် စသည်တို့တွင် ဆိုဒီယမ်ဓာတ်များပါဝင်နေသည့်အတွက် သတိပြုသင့်ပါသည်။ ဤကဲ့သို့နေထိုင်စားသောက်မှု ပုံစံများကို ပြောင်းလဲလိုက်သည်နှင့်အတူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် မကူးစက်နိုင်သော ရောဂါများသည်လည်း လျော့ပါးလာမည်ဖြစ်ပါ သည်။

“စိတ်ပျိုမှကိုယ်နု” ဆိုသည့်အတိုင်း မိမိစိတ်ကိုအကောင်းဆုံး ဖြစ်အောင်ထားပြီး ကောင်းမွန်စွာ မွေးမြူထားတတ်ရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကောင်း၍ စိတ်ဖိစီးမှု နည်းစေရန် တရားထိုင်ခြင်း၊ မိမိကြိုက်နှစ်သက်ရာသီချင်းများ နားထောင်ခြင်း၊ မိမိဝါသနာပါသောအရာများကို ဆောင်ရွက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေရန် ဆောင်ရွက်၍ရပါကြောင်း တင်ပြလိုပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်တွင် ပြည်သူတို့၏ ကျန်းမာသော မျှော်မှန်း လူ့သက်တမ်း မြင့်မားစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်၍ ကျန်းမာစွာပြုမူနေထိုင်ရသည့်အချက်များကို ကျင့်ကြံနေထိုင် မည်ဆိုလျှင် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြမည်ဖြစ်ပါသည်။ “အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟူသည့်ဆိုရိုးစကားအတိုင်း ကျန်းမာခြင်းနှင့်ပြည့်စုံရန်အတွက် “သက်ရှည်ကျန်းမာဖို့ ပြည်သူအားလုံးလိုက်နာစို့” ဟူ၍ ရေးသားတင်ပြလိုက်ရပါသည်။ ။