သက်ရှည်ကျန်းမာခေတ်သစ်ဆီ စနစ်သစ်များဖြင့် လျှောက်လှမ်းမည်

 

မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons) ဖြစ်သည်။ ကမ္ဘာ့လူဦးရေအတွင်း သက်ကြီးဘိုးဘွားအရေအတွက် တိုးပွားလာခြင်းနှင့်အတူ ကြုံတွေ့ရမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အများပြည်သူသတိပြုမိစေရန်၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ကြီးဘိုးဘွားများ၏ ပေးဆပ်ဆောင်ရွက်ခဲ့မှုများနှင့် အခန်းကဏ္ဍတို့ကို အသိအမှတ်ပြုဂုဏ်ပြုရန်၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ ကျန်းမာရေးနှင့် လိုအပ်ချက်များကို ပိုမိုစောင့်ရှောက်ပံ့ပိုးပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်အမှတ်(၄၅/၁၀၆)ဖြင့် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဆေးဘက်ဆိုင်ရာကုထုံးအသစ်များ ပေါ်ထွက်လာခြင်း၊ ကျန်းမာရေး ဆိုင်ရာ အသိပညာများမြင့်မားလာခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန် လာခြင်းတို့ကြောင့် လူတစ်ဦးချင်း၏ မျှော်မှန်းသက်တမ်းများ မြင့်တက်လာကာ သက်ကြီးပုဂ္ဂိုလ်ဦးရေသည်လည်း တဖြည်းဖြည်း တိုးပွားလာလျက်ရှိသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်းတွင် အသက် ၆၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး အသက် ၆၅ နှစ်နှင့်အထက် လူဦးရေမှာ ၈၅၇ သန်းခန့်ရှိသည်။ ၎င်းအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်ရှိပြီး သမိုင်း တစ်လျှောက် သက်ကြီးရွယ်အိုဦးရေ အများဆုံးဖြစ်လာသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်အနက် အသက် ၆ဝ နှင့်အထက် လူဦးရေသည် ၆ ဒသမ ၂ သန်းခန့်ရှိရာ စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းကျော် ရှိသည်။ ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁၃ သန်းခန့်ရှိလာပြီး စုစုပေါင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ တိုးပွားလာမည်ဟု ခန့်မှန်းထားသည်။

 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အတွက် ကုလသမဂ္ဂက သတ်မှတ်ထားသည့်ဆောင်ပုဒ်မှာ “The Age of Longevity: Rethinking Systems for Longer Lives- သက်ရှည် ကျန်းမာခေတ်သစ်ဆီစနစ်သစ်များဖြင့် လျှောက်လှမ်းမည်” ဟူ၍ ဖြစ်သည်။ အဆိုပါဆောင်ပုဒ်က ကမ္ဘာတစ်ဝန်းတွင် လူ့သက်တမ်း ပိုမိုမြင့်တက်လာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာစနစ်များကို ဘိုးဘွားများအတွက် ပိုမိုအဆင်ပြေချောမွေ့ပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေရန် ကဏ္ဍစုံမှ ပြန်လည်သုံးသပ်ပြောင်းလဲပြင်ဆင်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်သည်။

 

လူသားများ အသက်ပိုရှည်လာသည့်ခေတ်တွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာစွာသက်တမ်းစေ့နေနိုင်ရေးအတွက် သက်တမ်းတစ်လျှောက်လုံး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ရေးကို အလေးထားဆောင်ရွက်ရ မည်ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းများတွင်သာမက လူမှုအသိုက်အဝန်းနှင့် မိသားစုအတွင်း စနစ်တကျ ရေရှည် ပြုစုစောင့်ရှောက်နိုင်မည့် စနစ်များဖြစ်ပေါ်လာရန်လည်းလိုသည်။ သက်ကြီးပုဂ္ဂိုလ်များ၏ဘဝနှောင်းပိုင်းတွင် ဘဏ္ဍာရေးအာမခံချက်ရှိရေးအတွက် အသက်ရှည်လာသည်နှင့်အမျှ လုံလောက်သော လူမှုဖူလုံရေးပင်စင် စနစ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်များကိုလည်း ပြန်လည်ဆန်းစစ် ဖြည့်ဆည်းသွားရမည်ဖြစ်သည်။

 

ထို့အပြင် အသက်အရွယ်ကြီးရင့်သော်လည်း လုပ်ကိုင်နိုင်စွမ်းရှိသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆက်လက်ရှိနေရမည်ဖြစ်ပြီး နည်းပညာများနှင့် လူမှုပတ်ဝန်းကျင်ပြောင်းလဲမှုများကို ရင်ပေါင်တန်းနိုင်ရန် တစ်သက်တာသင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများ စီစဉ်ပေးရန်လည်း လိုအပ်သည်။ ဘိုးဘွားများအတွက် အဆင်ပြေမည့်ပတ်ဝန်းကျင်ကောင်းများဖြစ်စေရန်အတွက် အသက်အရွယ်မရွေး နေထိုင်ရလွယ်ကူသော လူမှုပတ်၀န်းကျင်တည်ဆောက်ပေးရမည်ဖြစ်ရာ အိမ်ရာအဆောက်အဦဒီဇိုင်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အများပြည်သူဆိုင်ရာနေရာများကို သက်ကြီးရွယ်အိုများ ဘေးအန္တရာယ်ကင်းကင်းနှင့် လွတ်လပ်စွာသွားလာ အသုံးပြုနိုင်အောင် ပြင်ဆင်ပေးထားရမည်လည်းဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် လူငယ်လူရွယ်များအကြား နားလည်မှု၊ ကူညီမှုနှင့် အတွေ့အကြုံဖလှယ်မှုဆိုင်ရာ ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများကိုမြှင့်တင်ခြင်း၊ မျိုးဆက်တစ်ခုနှင့်တစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းကလည်း ဘိုးဘွားများအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခု ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

 

သက်ရှည်ကျန်းမာသည့် ခေတ်သစ်တွင် သက်ကြီးပုဂ္ဂိုလ်များအား အစောင့်အရှောက်ခံ ဝန်ထုပ်ဝန်ပိုးတစ်ခု အဖြစ်မရှုမြင်ဘဲ စနစ်ဟောင်းများကို ပြင်ဆင်ပြောင်းလဲကာ စနစ်သစ်များဖြင့် အစားထိုး၍ လူသားတို့ သက်တမ်း ပိုရှည်လာခြင်း၏ ရလဒ်ကောင်းများဖြစ်အောင် ဖော်ဆောင်သွားရပါမည့်အကြောင်း။    ။