ကြည်ထွန်း(လူမှု)
နှစ်စဉ်အောက်တိုဘာလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons – IDOP) ဟု ဂုဏ်ပြုသတ်မှတ်ခဲ့သည်မှာ ယခု ၂၀၂၆ ခုနှစ်တွင် ၃၆ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်သည်။
သက်တော်ရှည်ဘိုးဘွား များပြားလာသောမျက်မှောက်ကမ္ဘာ
ဤကာလအတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် မွေးဖွားနှုန်းနှင့် သေနှုန်းကျဆင်း လျက်ရှိကာ လူ့သက်တမ်းပိုရှည်လာသည်နှင့်အမျှ ဘိုးသက်ရှည် ဘွားသက်ရှည်ဦးရေမှာလည်း ပိုမို များပြားလာသည်။ သာဓကအားဖြင့် ဂျပန်နိုင်ငံတွင် ၁၉၉၈ ခုနှစ်က အသက်ရာကျော် ဘိုးဘွား တစ်သောင်းသာရှိရာမှ ၂၀၁၂ ခုနှစ်တွင် ငါးသောင်းကျော် ရှိလာသည်။ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ လတွင် ၁၀၇၆၇၇ ဦးအထိ စံချိန်တင်မြင့်တက်လာပြီဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ အသက် ၁၀၀ နှင့်အထက် သက်တော်ရှည်ဘိုးဘွား ခြောက်သိန်း ခန့် ရှိသည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စုစု ပေါင်းလူဦးရေ ၅၁ ဒသမ ၄ သန်းရှိသည့်အနက် ၆ ဒသမ ၁၈၅ သန်း (၁၂ ဒသမ ၀၃ ရာခိုင်နှုန်း) မှာ အသက် ၆၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ယင်းတို့အနက် ၉၅၉၈၁ ဦးမှာ အသက် ၉၀ နှင့်အထက် သက်တော်ရှည်ဘိုးဘွားများ ဖြစ်လာကြပြီ။
အသက် (၁၂၀) ရှည်စေသော်ဝ်
ယခုအခါ ကမ္ဘာ့နိုင်ငံအများစု၏ ပျမ်းမျှမျှော်မှန်း လူ့သက်တမ်းမှာ ၆၀ - ၈၅ နှစ် ကြားတွင် ရှိသည်။ အမျိုးသားများထက် အမျိုးသမီးများ၏ သက်တမ်းက ပိုရှည်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းနှင့် နေထိုင်မှုပုံစံ စသည် တို့အပေါ်မူတည်၍ နိုင်ငံ၊ ဒေသ၊ လူမျိုးအလိုက် သက်တမ်းကွာခြားလေ့ရှိသည်။ Wikipedia နှင့် Guinness World Records မှတ်တမ်းတို့တွင် ဖော်ပြချက်အရ အထောက်အထား တိကျခိုင်လုံ သော ကမ္ဘာ့အသက်အရှည်ဆုံးလူသားမှာ ပြင်သစ် နိုင်ငံသူ “ဂျင်းန်လူဝီကဲလ်မန့်” (Jeanne Louise Calment) (၁၈၇၅-၁၉၉၇) ဖြစ်သည်။ ရှေးက မြန်မာတို့ ဇာတာဖွဲ့ရာတွင် “အသက် ၁၂၀ ရှည်စေ သော်ဝ်” ဟူသည့် မှန်းဆရေးထိုးမှုသည် မျက်မှောက်ခေတ်တွင် မှန်းခြေကိုက်ဖြစ်လာပြီ။ ကမ္ဘာ့လူသားတိုင်းသည် ယခင်က ပျမ်းမျှအားဖြင့် အသက် ၈၅ နှစ်အထိသာ ရှင်သန်ရန်မျှော်မှန်းနိုင်သော်လည်း မျက်မှောက်ခေတ်တွင် အသက် ၁၂၀ ကျော်သည် အထိ အသက်ရှည်ရန် မျှော်မှန်းနိုင်ပြီဖြစ်သည်။
ယခုနှစ် ဩဂုတ်လအတွင်းက အသက် ၁၂၀ ကျော်အရွယ်ရှိနေပြီဖြစ်သော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နေ အဘွား ဒေါ်စောကြည်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်နေ အဘွား ဒေါ်ပန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ အဘိုး ဦးသိန်းအောင်တို့ထံ သက်ဆိုင်ရာ မြို့တော်ဝန်/ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အိမ်တိုင်ရာရောက်သွား၍ ဂါရဝပြု လှူဒါန်းမှုများကို နေ့စဉ်ထုတ် ကြေးမုံသတင်းစာတွင် ဖတ်ရှုလိုက်ရသဖြင့် ကြည်နူးပီတိဖြစ်မိပါသည်။
ထူးခြားသောပြောင်းလဲမှုတစ်ရပ်
ကမ္ဘာတစ်ဝန်း သက်တော်ရှည်ဘိုးဘွားများပြားလာမှုသည် လူ့အသိုက်အဝန်းတစ်ခုလုံးအတွက် ထူးခြားသော ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။ လူ့သက်တမ်းပိုရှည်လာခြင်းသည် ယခင်က မရှိခဲ့ဖူးသော အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မှုကြောင့် ဖြစ်သော်လည်း ယခုအချိန်တွင် ကျန်းမာရေးစနစ်များ၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ အိုးအိမ်နှင့် ပြည်သူ့ရေးရာမူဝါဒစသည်တို့က လူ့ဘဝသက်တမ်း တစ်လျှောက်တွင် မည်သို့မည်ပုံ အထောက်အကူ ပြုမည်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လာသည်။
လူ့သက်တမ်းပိုရှည်လာခြင်း၏ သက်ရောက်မှုများသည် ကဏ္ဍတစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ အခြားကဏ္ဍများနှင့်လည်း အပြန်အလှန် ဆက်နွှယ်လျက်ရှိသည်။ သို့ဖြစ်၍ သက်ရှည် ကျန်းမာလာသည့်ခေတ်နှင့်လျော်ညီစွာ ပိုမို သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာ ရှင်သန်ရပ်တည် ရေး၊ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ သက်ကြီးအခွင့်အရေးများ မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးစသည့် ခေတ်မီဆန်းသစ်သော စနစ်ကောင်း၊ အစီအမံကောင်းများ သုံးသပ်ရှာကြံ ဖြည့်ဆည်းဖို့ လိုအပ်လာသည်။ သို့ဖြစ်၍ ၂၀၂၆ ခုနှစ် IDOP နေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “The Age of Longevity: Rethinking Systems for Longer Lives” ဟု ချမှတ်တိုက်တွန်းနှိုးဆော်လိုက်ခြင်း ဖြစ်ပေမည်။
လူမှုကာကွယ်စောင့်ရှောက်ရေးအကျိုးခံစားခွင့်
မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သော “သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ရေးအစီအစဉ်” ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ယခု နှစ်တွင် ၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီ မွေးဖွားခဲ့သည့် အသက် (၈၅) ပြည့်ပြီးသော သက်ကြီး ပုဂ္ဂိုလ်များအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် သုံးလပတ် နှစ်ကြိမ် ခြောက်လစာ ထောက်ပံ့ခြင်းကို ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်၏ ဖုန်းထဲသို့ ငွေလွှဲခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပေးမည် ဖြစ်မည်။ ထို့အတူ သက်ကြီးသူများကိုယ်တိုင် ဦးဆောင်၍ ထိခိုက်လွယ်အုပ်စုဝင်ဖြစ်သည့် မသန်စွမ်းသူများ၊ အမျိုးသမီးများဖြင့် ရပ်ရွာအခြေပြု ဖွဲ့စည်းထားသော “သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ (Older Person Self-Help Group – OPSHG) ၃၆၈ ဖွဲ့ကိုလည်း ရေရှည်ရပ်တည်နိုင်ရေးအတွက် မတည်ရန်ပုံငွေများ ထုတ်ပေးလျက် ရှိသည်ဟု သိရသည်။
သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုဆိုင်ရာနည်းလမ်း ခြောက်သွယ်
အာဆီယံနိုင်ငံများအပါအဝင် အရှေ့အာရှ နိုင်ငံများ၌ (၁) အိမ်အရောက်စောင့်ရှောက်ခြင်း၊ (၂) မိသားစုအခြေပြုစောင့်ရှောက်ခြင်း၊ (၃) ရပ်ရွာ အခြေပြုစောင့်ရှောက်ခြင်း၊ (၄) ဂေဟာငယ်များ တည်ထောင်၍စောင့်ရှောက်ခြင်း၊ (၅) နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်စောင့်ရှောက် ခြင်း၊ (၆) စေတနာ့ဝန်ထမ်းဘိုးဘွားရိပ်သာများ ဖွင့်လှစ်စောင့်ရှောက်ခြင်းဟူသည့် နည်းလမ်း ခြောက်သွယ်ဖြင့် ဆောင်ရွက်ကြသည်။ အဆိုပါ နည်းများအနက် “စေတနာ့ဝန်ထမ်းဘိုးဘွားရိပ်သာ” များ တည်ထောင်စောင့်ရှောက်သည့် နည်းလမ်းကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ကပင် စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ ၉၄ ခု ရှိလာပြီဖြစ်သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါဘိုးဘွား ရိပ်သာများ၏ အရိပ်အာဝါသအောက်တွင် ခိုဝင်နေကြသော ဘိုးဘွား ၃၁၁၂ ဦးအတွက် ငွေကျပ် ၃၆၆ ဒသမ ၅၉၁ သန်းထောက်ပံ့မည်ဟု သိရသည်။
အခြားနည်းလမ်းတစ်သွယ်အဖြစ် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်-မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး ယခုနှစ်တွင် ဘိုးဘွား ၉၄ ဦးကို လက်ခံစောင့်ရှောက်လျက်ရှိသည်။ အဆိုပါ ဂေဟာ၌ သက်ကြီးရွယ်အိုများအတွက် ပြုစု စောင့်ရှောက်သူ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယခုနှစ်တွင် သင်တန်းအပတ်စဉ်ပေါင်း ၂၀ ရှိလာပြီဖြစ်ကာ သင်တန်းသား သင်တန်းသူ ၂၃ ဦး တက်ရောက်နေကြသည်ဟု သိရသည်။ ထို့အပြင် နေပြည်တော်-ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသစ်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ထပ်မံဖွင့်လှစ်ပြီး ဘိုးဘွား ၃၈ ဦး လက်ခံစောင့်ရှောက်ထားသည်ဟု သိရသည်။ အဆိုပါဂေဟာတွင် သက်ကြီးပုဂ္ဂိုလ်များအား အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ လူမှု ရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် အသိပညာများ ပြန်လည်မျှဝေပေးနိုင်မှု၊ ဝါသနာပါရာ လုပ်ငန်းများ ဆောင်ရွက်နိုင်မှု စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဟု သိရသည်။ သို့ဖြစ် ၍ အလားတူ ဂေဟာများကို သင့်လျော်သောမြို့နယ်များတွင်လည်း ထပ်မံဖွင့်လှစ်သင့်ပေသည်။
သက်ကြီးရွယ်အို သက်သေခံကတ်ပြားဆောလျင်စွာထုတ်ပေးရေး
၂၀၁၆ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အခန်း (၅) ပုဒ်မ ၁၆ တွင် “သက်ကြီးရွယ်အိုများ၏ အခွင့်အရေး” (၁၂) ရပ်ကို ပြဋ္ဌာန်းထားပါသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများ အခန်း(၂) အပိုဒ် ၁၀၊ ၁၁၊ ၁၃ နှင့် ၁၄ တို့အရ “သက်ကြီးရွယ်အိုသက်သေခံကတ်ပြား” ရရှိထားသော သက်ကြီးရွယ်အိုများသည်သာ ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) (ဇ) (ဋ)နှင့် (ဌ)တို့ပါ သက်သာချောင်ချိမှုအခွင့်အရေးများ ခံစားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါ ကတ်ပြားမရရှိသေးသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အထက်ပါအခွင့် အရေးများခံစားခွင့် မရရှိနိုင်သေးပေ။
၂၀၂၆ ခုနှစ် ဇွန်လက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်ခံစားလျက် ရှိတဲ့ အသက်(၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များအား သက်သေခံကတ်ပြား ထုတ်ပေးခဲ့သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရပါသည်။ အဆိုပါ ကတ်ပြားရရှိထားသော သက်ကြီးပုဂ္ဂိုလ်များ အနေ ဖြင့် ရထားလက်မှတ် ဝယ်ယူရာ၌ ကျသင့်လက်မှတ် ခ၏ ၅၀ ရာခိုင်နှုန်းလျှော့ပေါ့ခံစားခွင့်၊ အစိုးရအဖွဲ့ အစည်းပိုင် ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်၊ သီဆိုပွဲ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စသည့် နိုင်ငံပိုင်ဖျော်ဖြေရေး ဝန်ဆောင်မှုများတွင် ဝင်ကြေးအနည်းဆုံး ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်၊ အမျိုးသားပြတိုက် သို့ ဝင်ရောက်ပါက ဝင်ကြေးကင်းလွတ်ခြင်းခံစားခွင့်၊ သက်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်ခဲ့ပါက သင်္ဂြိုဟ်စရိတ် ကင်းလွတ်ခွင့်ရရှိကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်ပြည်တစ်ဝန်းလုံးရှိ သက်ကြီးပုဂ္ဂိုလ်များ အထက်ပါ အခွင့်အရေးများကို တစ်ပြေးညီတည်း ခံစားခွင့် ရရှိရေးအတွက် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးခြင်းကို ဆောလျင်စွာ ဆက်လက် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလိုပါသည်။
ခေတ်မီဆန်းသစ်သော နည်းစနစ်များဖြင့် သုံးသပ်ရှာကြံဖြည့်ဆည်းဖို့
မြန်မာနိုင်ငံတွင် သက်ကြီးပုဂ္ဂိုလ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ရှေ့ဆောင်ရှေ့ ရွက်ပြုနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့အပြင် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် အသီးသီးတွင်လည်း လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီး ရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်သည်ကို တွေ့ရှိရသည်။
သို့ဖြစ်၍ အထက်ပါကော်မတီများက ဦးဆောင် ၍ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကာယကံရှင်သက်ကြီးပုဂ္ဂိုလ်များ ပူးပေါင်းကာ လက်ရှိ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နေသော မဟာဗျူဟာစီမံချက်၊ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များအပေါ် ပြန်လည်သုံးသပ်ကာ မိမိနိုင်ငံနှင့် လိုက်လျော ညီထွေရှိပြီး ခေတ်မီဆန်းသစ်သော နည်းစနစ်များ ကို ရှာကြံပြဋ္ဌာန်းပေးနိုင်မည်ဆိုပါက သက်ကြီး ပုဂ္ဂိုလ်များနှင့် သက်ကြီးရွယ်လွန်သက်တော်ရှည်ဘိုးဘွားများကို ယခုထက် ပိုမိုကာကွယ်စောင့်ရှောက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ကိုးကား
ဒေါက်တာတင်ထွန်းဦး၏
ဇရာကို ရင်ဆိုင်ခြင်းအနုပညာ
နေ့စဉ်ထုတ်သတင်းစာများ


