သိကြားဘုရားမှ ရုပ်ကြွချပ်များ

၁၂  နိုဝင်ဘာ

ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ မွန်ပြည်နယ် သထုံမြို့နယ်၌ ဘုရား၊ စေတီ၊ ပုထိုး ၄၄၂ ဆူရှိသည့်အနက် သထုံမြို့ရှိ ရွှေစာရံစေတီ၊ မြသပိတ်စေတီ၊ ကြေးသွန်းဘုရား၊ နေမိန္ဒရဘုရား၊ နှီးဘုရားနှင့်ပေါ်တော်မူကျေးရွာရှိ ရွှေဆံတော်ဘုရားတို့သည် အထင်ရှားဆုံးဖြစ်ကြသည်။ ထို့အတူ သိမ်ကုန်းရပ်ကွက်ရှိ ကလျာဏီသိမ်နှင့် ပိဋကတ်တိုက်တို့သည် သမိုင်းဝင်ထင်ရှားသော အဆောက်အအုံများ ဖြစ်ကြကာ ရွှေစာရံစေတီဝင်းအတွင်းရှိ ကျောက်စာရုံကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

သထုံမြို့ဟောင်း

ရန်ကုန်-မော်လမြိုင် မော်တော်ကားလမ်းအတိုင်း ဘီးလင်းမြို့မှ တောင်ဘက် ၄၂ ဒသမ ၆ ကီလိုမီတာ အကွာတွင် တည်ရှိသည့် သထုံမြို့သည် ရှေးဟောင်းမြို့ တစ်ခုဖြစ်သည်။

သထုံဟူသည့်အမည်သည် အုပ်ဆိုင်းညို့မှိုင်းနေသည့် ညောင်ပင်အောက်မှဂူဟု အဓိပ္ပာယ်ရှိသည့် မွန်စကားလုံး ဂို့ဇွယ် ဂထုံမှ ဆင်းသက်လာကြောင်း ဖတ်ရှုရသည်။ ရှေးအခါက သထုံမြို့တည်နေရာ၌ ရွာသူရွာသားများက ညောင်ပင်ကြီးအောက်တွင် ကျောက်ဂူတစ်ခုပြုလုပ်၍ နတ်ကွန်းအဖြစ် ပူဇော်ခဲ့ကြသည်။ ယင်းနေရာသည် ဂို့ဇွယ်ဂထုံဟုအမည်တွင်ခဲ့ပြီး ကာလရှည်ကြာလာချိန်တွင် ဂထုံဟု ခေါ်ဆိုခဲ့ကြရာမှ သထုံဟု ပြောင်းလဲခဲ့ကြောင်း မွန်တို့ဌာနေ ရာမညစာအုပ်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်သည့် စာရင်းအရ သထုံမြို့နယ် လူဦးရေသည် ၂၃၃၈၆၇ ဦးဖြစ်၍ သထုံမြို့ပေါ် ရပ်ကွက်ရှစ်ခုတွင် နေထိုင်သူဦးရေသည် ၇၄၂၉၆ ဦးဖြစ်သည်။ ဗမာ၊ ကရင်၊ မွန်နှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် သထုံမြို့သည် ခုနစ်စတုရန်းမိုင် ကျယ်ဝန်း၍ မြို့နယ်လူဦးရေ၏ ၉၃ ဒသမ ၅၆ ရာခိုင် နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

ရှေးခေတ်ကပင် တည်ထားခဲ့သည့် သထုံမြို့၏ စည်ပင်သာယာရေးကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် သထုံ မြူနီစီပယ်အဖွဲ့က စတင်ဆောင်ရွက်ခဲ့ကာ ခရိုင်ဒေသန္တရ အုပ်ချုပ်ရေးကောင်စီကို ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

သထုံမြို့ဟောင်းကို သထုံခရိုင် လက်ထောက်ကော်မရှင်နာ ဆာစိန့်အင်ဒရူးဂျွန်ဆင်က ၁၈၆၅ ခုနှစ်တွင် တွေ့ရှိခဲ့ပြီး ဗြိတိသျှဘားမားဂေဇက် အတွဲ(၂)တွင် မြို့ဟောင်းတွေ့ရှိမှု အစီရင်ခံစာကို ရေးသားဖော်ပြခဲ့သည်။ ဆာစိန့်အင်ဒရူးဂျွန်ဆင်၏ တွေ့ရှိမှုများအရ မြို့ဟောင်းသည် ဧက ၇၀၀ ကျယ်ဝန်းပြီး အပြင်မြို့ရိုး ပန္နက်ရာသည် စတုရန်း သို့မဟုတ် ထောင့်မှန်စတုဂံပုံ ရှိခဲ့သော်လည်း တိကျသော ထောင့်မှန်ချိုးများ မဟုတ် ချေ။ အပြင်မြို့ရိုးမှ ပေ ၁၅၀ တွင် အရှေ့အနောက် ပေ ၇၇၀၀ ၊ တောင်မြောက် ပေ ၄၀၀၀ ရှည်လျားသည့် ဒုတိယ မြို့ရိုးနှင့် ကျုံးရှိခဲ့ သည်။ မြို့တံခါးပေါက်နှစ်ခုကို တောင်နှင့်မြောက် မြို့ရိုး၌ တွေ့ရှိရပြီး အရှေ့နှင့်အနောက် မြို့ရိုးတို့တွင်မူမြို့ တံခါးပေါက် ရှိ မရှိကို မခန့်မှန်းနိုင်ကြောင်းနှင့် မြို့ရိုးများသည် မြေမြို့ရိုးများဖြစ်ကြောင်းဖော်ပြခဲ့သည်။

သထုံရာဇဝင်အရ သထုံမြို့ဟောင်း၏ မြောက်ဘက်တွင် မြို့ရိုးခြောက်ထပ်ရှိကြောင်း ဖော်ပြထားသော်လည်း ကောင်းကင်မြေပုံတွင် ငါးထပ်သာတွေ့ရှိရကြောင်း သုဝဏ္ဏဘူမိ သုတေသန စာအုပ်တွင်ရေးသားထားသည်။ ကောင်းကင်မြေပုံ ဓာတ်ပုံ၌ သထုံမြို့၏ အရှေ့ဘက်မြို့ရိုးနှင့် မြောက်ဘက်မြို့ရိုးကို ထင်ရှားစွာတွေ့ရှိရပြီး အနောက်ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးတို့သည် လူနေရပ်ကွက်များအတွင်းသို့ ရောက်ရှိနေသဖြင့် မမြင်တွေ့ရချေ။

ဆာစိန့်အင်ဒရူးဂျွန်ဆင်က သထုံမြို့ဟောင်း ဗဟိုချက်နေရာ၌ အရှေ့အနောက် ပေ ၁၁၅၀ နှင့် တောင် မြောက် ပေ ၁၀၀၀ ရှိသည့် နန်းတော်ရာကုန်းရှိကြောင်းနှင့် နန်းတော်ရာကုန်းတွင် အဆောက်အအုံ အကြွင်းအကျန်များ မရှိတော့ကြောင်းလည်း ရေးသားခဲ့သည်။

မြန်မာ့စွယ်စုံကျမ်းက သထုံမြို့ဟောင်း နန်းတော်ရာသည် မြို့ဟောင်းအလယ်တည့်တည့်၌ တည်ရှိ၍ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက် ၁၁၂၂ ပေစီရှိ ကြောင်း၊ ယခုအခါ၌ နန်းတော်ရာနေရာတွင် ဆေးရုံ၊ စိုက်ပျိုးရေးဌာနဝင်း၊ သာသနာ့ရိပ်သာနှင့် နန်းတော်ရာဘုန်းကြီးကျောင်းတို့ရှိကြောင်း ဖော်ပြထားသည်။ သထုံသည် ရှေးအခါက မထင်ရှားသော တံငါရွာတစ်ခုသာ ဖြစ်ခဲ့ပြီး လဝ လူမျိုးများ နေထိုင်ခဲ့သည်ဟု ဆိုကြောင်းနှင့် နောင်အခါတွင် မွန်လူမျိုးများနှင့် ပအိုဝ်းလူမျိုးများ လာရောက်နေထိုင်ကြကြောင်းကိုလည်း မြန်မာ့စွယ်စုံကျမ်း တွင်ဖော်ပြထားသည်။

ရွှေစာရံစေတီတော်

ဆာစိန့်အင်ဒရူးဂျွန်ဆင်၏ တွေ့ရှိမှုအရ သထုံမြို့ ဟောင်းအတွင်းရှိ စေတီဘုရားများကို နန်းတော်ရာကုန်းနှင့် တောင်ဘက်မြို့ရိုးအကြားတွင် တည်ထားခဲ့ပြီး အဓိကအကျဆုံး စေတီဖြစ်သည့် ရွှေစာရံစေတီတော် အနီး၌ လေးထောင့်ပန္နက်ခံထားသည့် စေတီသုံးဆူ ရှိခဲ့သည်။ ယင်းစေတီတော်သုံးဆူသည် ရွှေစာရံစေတီ၏ မြောက်ဘက်ရှိ ပိဋကတ်စေတီ၊ အရှေ့တောင်ဘက်ရှိ သိကြားဘုရားစေတီနှင့် ရွှေချေးခံစေတီတို့ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် ရွှေစာရံကို ခေတ်ပုံစံအတိုင်း ပြန်လည်ပြုပြင်တည်ထားသည့် စေတီတော်အဖြစ် ဖူးတွေ့နေကြရသည်။ ရွှေစာရံစေတီဘုရားသမိုင်းတွင် စေတီတော်သည် ဉာဏ်တော် ပေ ၂၄၀ မြင့်၍ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ပေ ၃၆၀ မြင့်ကြောင်းနှင့် စေတီရံ ၃၇ ဆူရှိကြောင်း ဖော်ပြထားသည်။ ဗုဒ္ဓဘာသာကို အစဉ်အဆက်ကိုးကွယ်ခဲ့သဖြင့် သထုံမြို့နယ်၌ ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများကို တွေ့ရှိကြရသည်။

ယင်းတို့အနက် ဂဝံအုတ်တံတိုင်းဖြင့် ကာရံထားသည့် ရွှေစာရံစေတီတော်ကို သထုံမြို့တောင်ပိုင်း သိမ်ကုန်း ရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင် မော်တော်ကားလမ်းပေါ်၌ မြင်တွေ့ကြရပြီး နှစ်စဉ် တပေါင်းလတွင် ရွှေစာရံဘုရား ပွဲကို စည်ကားစွာကျင်းပလေ့ရှိသည်။

သိကြားဘုရား

ရွှေစာရံစေတီတော်အနီး၌ တည်ရှိနေသည့် လေးထောင့်ပန္နက်ခံ ရှေးဟောင်းစေတီတော်များအနက် စေတီတော် ရင်ပြင်တွင် ဖူးတွေ့ရသည့် သိကြားဘုရားသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ သိကြားဘုရားသည် ရွှေစာရံစေတီတော် ရင်ပြင်ပေါ်၌ စေတီတော်၏ အရှေ့ တောင်ဘက်တွင် တည်ရှိကာ စေတီတော်တစ်ဆူလုံးကို ဂဝံဖြင့် တည်ဆောက်ထားသည်။ သိကြားဘုရား စေတီတော်ဖိနပ်သည် ၁၀၄ ပေ ပတ်လည်ရှိ၍ ပစ္စယာသုံးဆင့် ပေါ်၌ စေတီတော်ကို တည်ထားသည်။

ယင်းစေတီတော်သည် ဖိနပ်တော်မှ ပထမပစ္စယာ အထိ ၁၈ ပေ၊ ဒုတိယပစ္စယာအထိ ၃၄ ပေနှင့် တတိယ ပစ္စယာအထိ ၄၆ ပေ မြင့်ကာ စေတီတော်တစ်ဆူလုံးသည် ၈၅ ပေမြင့်သည်။ စေတီတော် ပထမပစ္စယာသို့တက်ရန် အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် လှေ ကားတစ်ခုစီ ပြုလုပ်ထားသည်။ ပထမပစ္စယာသည် ၁၀၄ ပေပတ်လည်၊ ဒုတိယပစ္စယာသည် ပေ ၇၀ ပတ်လည်ရှိ၍ တတိယပစ္စယာသည် ၄၈ ပေပတ်လည် ရှိသည်။

သိကြားဘုရားစေတီတော်၏ ပထမပစ္စယာ ပတ်လည်ရှိ နှစ်ပေပတ်လည် မုခ်ကပ်များတွင် မြေမီးဖုတ် ရုပ်ကြွများကို ထည့်သွင်းပူဇော်ထားရာ လက်ရှိအချိန်တွင် ရုပ်ကြွ ၁၃ ခု ကျန်ရှိနေသဖြင့် အားလုံးကို ဓာတ်ပုံမှတ် တမ်းယူခဲ့သည်။ မူလက ရုပ်ကြွ အချပ် ၆၀ ကျော် ရှိခဲ့ သော်လည်း ယခုကျန်ရှိနေသည့် ရုပ်ကြွများသည်ပင် အများစုက ကျိုးပဲ့ပျက်စီးနေကြကာ ထုလုပ်ထားသော ရုပ်ကြွဇာတ်ကွက်များသည် ပီပြင်ခြင်းမရှိတော့ချေ။

သိကြားဘုရားမှ ရုပ်ကြွများ

သိကြားဘုရားစေတီ ပထမပစ္စယာတွင်ရှိသည့် ရုပ်ကြွချပ်များတွင် ထုလုပ်ထားသည့် ဇာတ်ကွက်များသည် ဂေါတမဘုရားရှင်၏ ဖြစ်တော်စဉ် ဇာတ်ကြီး ၁၀ ဘွဲ့မှ ဇာတ်ဝင်ခန်းများဖြစ်ကြောင်း ဆာစိန့်အင်ဒရူးဂျွန်ဆင်က ဖော်ထုတ်ခဲ့သည်။ ရုပ်ကြွ ၁၃ ခုတွင် တေမိယဇာတ်တော်မှ တစ်ကွက်၊ မဟော်သဓာဇာတ်တော်မှ သုံးကွက်၊ ဘူရိဒတ် ဇာတ်တော်မှ တစ်ကွက်၊ ဝိဓူရဇာတ်တော်မှ နှစ်ကွက်နှင့် ဝေဿန္တရာဇာတ်တော်မှ တစ်ကွက်ကို အဓိပ္ပာယ်ဖော် ထုတ်နိုင်ခဲ့ပြီး ကျိုးပဲ့နေသည့် ရုပ်ကြွများကိုမူ အဓိပ္ပာယ် မဖော်ထုတ်နိုင်ခဲ့ချေ။

တေမိယဇာတ်တော်လာ ဇာတ်ကွက်ကို သရုပ်ဖော်ထားသည့် ရုပ်ကြွချပ်ကို ဝေဿန္တရာဇာတ်တော်မှ ဇာတ်ကွက်ဟု ယူဆမှုများရှိခဲ့သည်။ ပုံ၏ လက်ဝဲဘက်တွင် မကိုဋ်ဆောင်းထားသော တေမိယမင်းသား ရုပ်တုသည် လက်ဝဲလက်ကိုကွေးပြီး ပခုံးပေါ်သို့တင်ထား၍ လက်ယာလက်က ပျောက်နေသည်။ တေမိမင်းသား၏ရှေ့၌ လူတစ်ယောက်က ဒူးတုပ်ထိုင်နေ၍ မြင်းလှည်းပေါ်မှလူသည် လှည်းကို မောင်းဟန်ပြင်နေသည်။ စကားမပြောသော တေမိမင်းသားကို မြင်းလှည်းပေါ်တင်ဆောင်၍ မြို့ပြင်သို့ ထုတ်ပြီးသတ်ရန် စီစဉ်နေသည့် ဇာတ်ကွက်ဖြစ်သည်။

ဘုရားလောင်း မဟော်သဓာသည် ဇနီးလောင်းကို ရှာဖွေတွေ့ရှိပြီး သိက္ခာစင်ကြယ်မှုကို သိရှိခဲ့ရပြီးနောက် မင်းကြီးက အမရာကို နန်းတွင်းသို့ ခေါ်ယူစေခဲ့သည်။ မဟော်သဓာသည် လက်ဆောင်ပဏ္ဏာများကို လက်ခံ ရယူ၍ ဇနီးလောင်း အမရာဒေဝီကို ဝေါယာဉ်ဖြင့်ခေါ် ဆောင်သွားသည့် ဇာတ်ကွက်ကို သရုပ်ဖော်ထားသည်။

မဟော်သဓာသည် အမတ်ကြီးလေးပါး၏ အကောက်ကြံမှုကြောင့် သရဖူခိုးသူဟု အထင်ခံရကာ တိမ်းရှောင်နေရစဉ် အမတ်ကြီးများက အမရာဒေဝီကိုသွေးဆောင် ဖြားယောင်းရန် ကြံစည်ခဲ့ကြသည်။ အမရာဒေဝီက အမတ်ကြီးလေးဦးကို ထောင်ချောက်ဆင်၍ ဖမ်းဆီးကာ လဲမှို့များကပ်၍ မျောက်ဖြူလေးကောင်အဖြစ် ဘုရင့်ထံ ပို့ခဲ့သည်။ သရဖူခိုးသူသည် အမတ်ကြီးများပင်ဖြစ်ကြောင်းနှင့် မဟော်သဓာတွင် အပြစ်မရှိကြောင်း ဘုရင်ကြီးက မဆုံးဖြတ်သဖြင့် ထီးချက်စောင့်နတ်သမီးက မဟော်သဓာကို ချက်ချင်းခေါ်ယူရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် အိုးထိန်းသည်အိမ်တွင် ရောက်ရှိနေသည့် မဟော်သဓာကို သွားရောက်ခေါ်ယူပုံကို ရုပ်ကြွချပ်နှစ်ခုတွင် မြင်တွေ့ ကြရသည်။ တစ်ချပ်တွင် မဟော်သဓာကို မြင်းလှည်းဖြင့် ခေါ်ဆောင်သွားပုံနှင့် တစ်ချပ်တွင် ဗြဟ္မဒတ်မင်းကြီးနှင့် မိဖုရားရှေ့တွင် ရောက်ရှိနေသည့် အမရာဒေဝီနှင့် မျောက်ဖြူအသွင် အမတ်ကြီးတစ်ဦးပုံကို သရုပ်ဖော်ထားသည်။

ဘူရိဒတ်ဇာတ်တော် သရုပ်ဖော်ထားမှုတွင် ဘူရိဒတ်သည် မုဆိုးနှင့် သူ၏သားတော်ကို နဂါးပြည်သို့ ခေါ် ဆောင်သွားခဲ့ပြီး နဂါးမင်း၊ မုဆိုးနှင့် ဘူရိဒတ်၏သားတို့ ဆွေးနွေးပြောဆိုနေကြဟန်ဖြစ်သည်။

ဝိဓူရဇာတ်တော်မှ ပုဏ္ဏကဘီလူးနှင့် နတ်သမီးတို့ တောတောင်အတွင်း တွေ့ကြပုံနှင့် ပုဏ္ဏကဘီလူးနှင့် ဘုရင်တို့ ကြွေအံကစားနေကြပုံကို ရုပ်ကြွနှစ်ချပ်တွင် သရုပ်ဖော်ထားသည်။ ယင်းပုံတွင် မြွေလမ္ပာယ်ဆရာက ဘူရိဒတ်နဂါးမင်းကို ကိုယ်တွင်ရစ်ပတ်၍ မြွေကစားပုံ ပါရှိရာ ထိုသူ၏ နောက်ကျောဘက်တွင် ချိုင်းအောက်မှ ရှည်မျောမျောအရာတစ်ခု ထွက်လျက်ရှိရာ ယင်းအရာကို နဂါးအမြီးဟု ယူဆကြသည်။

ဝေဿန္တရာဇာတ်တော် ပြကွက်တွင် ‌ဝေဿန္တရာ မင်းကြီးထံမှ ဆင်ဖြူတော်ကို အလှူခံသွားသည့် ပုဏ္ဏားများ မြို့တွင်းမှဖြတ်သန်း၍ ဆင်ဖြူတော်ကို ခေါ်ဆောင်သွားစဉ် မကျေနပ်သည့် မြို့သားများက ခဲများဖြင့် ပစ်ပေါက်နေပုံဖြစ်သည်။

ရွှေစာရံစေတီတော် ပရိဝုဏ်တွင်ရှိသည့် ကျောက်စာရုံတွင် ထားရှိသည့် သိကြားဘုရားမှ ရုပ်ကြွချပ်တွင် နေမိဇာတ်တော်မှ ဇာတ်ကွက်တစ်ကွက်ကိုလည်း ထုလုပ်ထားသည်။

ဆာစိန့်အင်ဒရူးဂျွန်ဆင်သည် သထုံ သိကြားဘုရားမှ ရုပ်ကြွများ၏ အဓိပ္ပာယ်ကို ပုဂံရှိ ရွှေစည်းခုံ၊ အာနန္ဒာ၊ မင်္ဂလာစေတီနှင့် ဖက်လိပ်ဘုရားမှ စဉ့်ကွင်းများကို လေ့လာပြီးမှ ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ကျောက်စာ ဝန် မစ္စတာတော်စိန်ခိုက ယင်းသရုပ်ဖော်ရုပ်ကြွများသည် ဗုဒ္ဓဘာသာနှင့်မသက်ဆိုင်ဘဲ ဟိန္ဒူဗြဟ္မဏဆိုင်ရာ ရာမာယနဇာတ်ကွက်များဖြစ်နိုင်ကြောင်း ယူဆခဲ့သည်။

အခြားရုပ်ကြွများ

ဇာတ်ကြီး ၁၀ ဘွဲ့လာ ဇာတ်ကွက်များအပြင် အခြားသရုပ်ဖော်ထားသည့် ရုပ်ကြွများတွင် မင်းမြှောက်တန် ဆာများ ဝတ်ဆင်ထားပြီး ဆောင့်ကြောင့်ထိုင်ကာ ခက် ရင်းခွတစ်ခုကိုကိုင်ထားသည့် ရုပ်တုတစ်ခု ပါဝင်ခဲ့သည်။ ယင်းရုပ်ကြွသည် သိကြားဘုရား ပထမပစ္စယာ အနောက် တောင်ထောင့်တွင် ရှိသည်။ မြန်မာနိုင်ငံ ဟိန္ဒူနတ် ဘုရားများအကြောင်း စာအုပ်ကို ရေးသားခဲ့သည့် ဒေါက် တာ နီဟာရမ်ဂျန်ရေးနှင့် အချို့ပုဂ္ဂိုလ်များက ယင်းအရုပ် ကို သီဝနတ်မင်းရုပ်ဟု ယူဆမှုများ ရှိခဲ့သည်။ ဝိဓူရဇာတ် တော် သရုပ်ဖော်ကွက်မှ အလမ္ပယ်ဆရာနှင့် ဘူရိဒတ်နဂါး မင်းတို့ပုံတွင် ပါရှိနေသည့် ရှည်မျောမျောအရာကို ဒေါက်တာ နီဟာရမ်ဂျန်ရေးက ဟိန္ဒူ ရာမာယန ဇာတ်တော်မှ ဟနုမာန်မျောက်၏အမြီးဟု ဆိုခဲ့သည်။

သို့သော် ကမ္ပည်းကျောက်စာဝန် ဦးမြသည် သထုံသို့ ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ဒေါက်တာနီဟာရမ်ဂျန် ရေး၏ ယူဆချက်ကို မထောက်ခံဘဲ သိကြားဘုရား ရုပ်ကြွများသည် ဗုဒ္ဓဝင်ဇာတ်တော်မှ ကောက်နုတ်ချက်များ သာဖြစ်ကြောင်း အစီရင်ခံစာတင်ခဲ့သည်။

ရုပ်ကြွများထုလုပ်ထားသည့် ဟန်များအပေါ် အယူအဆနှစ်မျိုးကွဲပြားခဲ့ကာ အချို့က ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဇာတ်ကွက်ဟု ယူဆကြသကဲ့သို့ အချို့က ဟိန္ဒူ အယူဝါဒဆိုင်ရာ အရုပ်များဟု ယူဆကြသည်။ ထို့ ကြောင့် သထုံဒေသတွင် ဗုဒ္ဓအယူဝါဒနှင့် ဟိန္ဒူအယူဝါဒတို့ အပြိုင်ထွန်းကားခဲ့သည်ဟူသော ယူဆချက်များ ပေါ် ထွက်လာခဲ့သည်။

၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယအစိုးရ ပညာရေးဌာနက သထုံခရိုင်အတွင်းရှိ ရှေးဟောင်းအဆောက် အအုံများ စာရင်းကို ထုတ်ပြန်ခဲ့ရာ သိကြားဘုရားသည် ရွှေစာရံဘုရား၊ ဇင်းကျိုက်ဘုရား၊ ကော့ဂွန်းဂူ၊ ဇွဲကပင် ဘုရား၊ ကျိုက်ထီးရိုးဘုရားတို့နှင့်အတူ ရှေးဟောင်း အဆောက်အအုံစာရင်းဝင်ခဲ့သည်။ လက်ရှိမြင်နေကြရသည့် သိကြားဘုရားအုတ်ခွက်ရုပ်ကြွများကိုမူ ထုံးများသုတ် ထားသဖြင့် မူလအရောင်အဆင်းကို မမြင်ကြရတော့ချေ။

ရွှေစာရံစေတီတော်၏ တောင်ဘက် တံတိုင်းအပြင်ဘက်တွင် သမိုင်းဝင် ကလျာဏီသိမ် အဆောက်အအုံဟောင်း ရှိသည်။ ယင်းသိမ်၏ သိမ်နိမိတ်တိုင်များကို သဲ ကျောက်များဖြင့် ပြုလုပ်စိုက်ထူထားကာ သိမ်တိုင်များပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ နိပါတ်တော်လာ ဇာတ်ကွက်များ ကို ထုလုပ်ခဲ့သည်။ သိကြားဘုရား ရုပ်ကြွများနှင့် ကလျာဏီသိမ်မှ သိမ်နိမိတ်တိုင်မှ အရုပ်များကို နှိုင်းယှဉ်လေ့လာနိုင်ကြသည်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည့် မြန်မာနိုင်ငံ နေရာဒေသအသီးသီး၌ ဗုဒ္ဓဝင်ဇာတ်ကွက်များကို ခေတ်အဆက်ဆက် သရုပ်ဖော်ခဲ့သည့် ပန်းချီကားများ၊ ပန်းပု ရုပ်များ၊ နံရံဆေးပန်းချီများ၊ စဉ့်ကွင်းများ၊ အုတ်ခွက်များ စသည်တို့ကို မြင်တွေ့နိုင်ကြပေသည်။ ယင်းတို့အနက် တစ်ခုအပါအဝင်ဖြစ်သည့် သထုံမြို့ ရွှေစာရံစေတီတော် ရင်ပြင်ပေါ်ရှိ သိကြားဘုရားစေတီမှ ရုပ်ကြွများသည်လည်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြသဖြင့် ယင်းရုပ်ကြွများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြရမည်ဖြစ်ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား - (၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၂) (၂) သုဝဏ္ဏဘူမိ သုတေသန(ဦးစံဝင်း)၊  (၃) မွန်တို့ဌာနေ ရာမည(မာမက၊ သုတေသီ)