သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံဒေသရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီဖြစ်

ပုဂံ အောက်တိုဘာ ၅

မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များအတွင်း လာရောက်မည့် ဘုရားဖူးခရီးသွားများ၏ ကြိုတင်အခန်းမှာယူမှုများကြောင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ဒေသတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံးတွင် အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။

သီတင်းကျွတ်ကာလ အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက် အထိ ပုဂံဒေသသို့ ဘုရားဖူးခရီး သွားရန် စီစဉ်ထားသူများသည် အောက်တိုဘာလ ပထမပတ်မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် ဟိုတယ်နှင့် တည်းခိုခန်းများကို ကြိုတင်ချိတ်ဆက်မှာယူခဲ့ကြခြင်း ဖြစ်သည်။

“သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်တွေမှာ ပုဂံဒေသကို ခရီးသွား ဘုရားဖူးတွေ ကြိုတင် လာရောက်လေ့ရှိကြရာ အောက်တိုဘာ ၂၄ ရက်ကနေ စတင်ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာ ၈၈ လုံး ပြည့်သွားပြီဖြစ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။

သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ပုဂံဒေသသို့ တစ်ရက်လျှင် ဘုရားဖူးခရီးသွား တစ်သိန်းမှ တစ်သိန်းခွဲအထိ လာရောက်လေ့ရှိပြီး ယင်းတို့အနက် နေ့ချင်းပြန် ခရီးသွားဦးရေမှာ ပိုမိုများပြား ကြောင်း သိရသည်။

ပုဂံသို့လာရောက်သည့် ဘုရားဖူး ခရီးသွားများသည် သမိုင်းဝင် အထင်ကရ စေတီပုထိုးများကို ဖူးမြော်ခြင်း၊ ရှေးဟောင်းနံရံ ဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်းနှင့် လက်ဆွဲပန်းချီ ရေးဆွဲခြင်းများ ပြုလုပ်ကြသည့်အပြင် မြင်းလှည်း နှင့် E-Bike များ ငှားရမ်းစီးနင်းကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လှည့်လည်လေ့လာကြကြောင်း သိရသည်။

TWA