တောင်ကြီး အောက်တိုဘာ ၂၇
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူး၍ တိုင်းရင်းသားမိဘပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာ ပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိကြရာ တောင်ကြီးမြို့ရှိ ဘုရားစေတီပုထိုးများ၌လည်း အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းမှစတင်၍ ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ မိဘပြည်သူများက ပန်းများကပ်လှူ ပူဇော်ကြပြီး ဓမ္မစကြာ တရားတော်များ ရွတ်ဖတ် ပူဇော်ကြသည်။ တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာစေတီတော်မြတ်ကြီး၌လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး မိဘပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ခြင်း၊ သီလဆောက်တည်ခြင်းနှင့် တရားဘာဝနာပွားများခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြသည်။
စည်ကားသိုက်မြိုက်
ထို့ပြင် တောင်ကြီးမြို့ရှိ မြစိမ်းတောင်ဘုရားနှင့် ဘုန်းကြီးကျောင်းများ၊ ဓမ္မရိပ်သာများတွင်လည်း ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် နံနက်မိုးသောက်ချိန်မှ စတင်၍ အထူးစည်ကားသိုက်မြိုက် လျက်ရှိကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


