သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကား

 

နေပြည်တော် အောက်တိုဘာ ၂၆

 

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် သီတင်း ကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက် တည်ခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်း သီလ ဆောက်တည်ကြသူ ရဟန်းရှင်လူ ပြည်သူများဖြင့် စည်ကားခဲ့သည်။

 

 

ဘုရားဖူးများဖြင့် စည်ကား

 

နံနက်ပိုင်းမှ စတင်၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတ သန္တိစေတီတော် မြတ်ကြီး၊ နေရောင်ပြအင်း စေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် စေတီတော်၊ ပျဉ်းမနားဘုရားကိုးဆူစေတီတော်၊ ဆုတောင်းရ ဆုတောင်းပြည့်စေတီတော်၊ ဥတ္တရသီရိ မြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူခြင်း၊ ဥပုသ် သီလဆောက်တည်ခြင်း၊ တရား ဘာဝနာပွားများခြင်း၊ ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ခြင်း တို့ဖြင့် ပြည်သူများ ကုသိုလ် ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

 

 

ညပိုင်းတွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်းရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒာကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံ စေတီတော်များ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက် အအုံများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာ ပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် မီးပုံးပျံငယ်များ လွှတ်တင်ပူဇော် ခြင်းတို့ဖြင့် ကုသိုလ်ယူကြသည်။

 

 

ထို့အတူ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၌လည်း နံနက်ပိုင်းမှ စတင်၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားများကို ကျင်းပရာ စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ကုသိုလ်ယူ ပြီး သီတင်းသီလဆောက်တည်ကြသည့် နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာ များမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားခဲ့ပြီး ညပိုင်းတွင် စေတီတော်ရင်ပြင်၌ ဆီမီးများ ထွန်းညှိပူဇော်ကြသည်။

 

 

အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးဝယ်ကြသူများနှင့် မင်္ဂလာကန်တော်၊ မင်္ဂလာရှမ်းကန်၊ နေပြည်တော် ရေပန်းဥယျာဉ်နှင့် နေပြည်တော်၏ အထင်ကရ နေရာများတွင် LED မီးရောင်စုံ များဖြင့် အလှဆင်ထားရာ အပန်း ဖြေ လာရောက်ကြသူများဖြင့် စည်ကားခဲ့သည်။

 

ထို့ပြင် မြို့နယ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရား ရှင်အားရည်စူး၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံငယ်များ လွှတ်တင်ပူဇော် ခြင်းများ၊ မိဘများနှင့် သက်ကြီးဝါကြီး၊ ဆရာသမားများကို လိုက်လံကန်တော့ခြင်းတို့ဖြင့် စည်ကားလျက် ရှိသည်။

 

အထူးအစီအစဉ်အဖြစ် သီတင်း ကျွတ်အခါသမယ နေ့ထူးနေ့မြတ်ရက်များအတွင်း နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့ လာရောက်ဖူးမြော်ကြည် ညိုကြမည့် ရဟန်းရှင်လူ မိဘ ပြည်သူများ ခရီးလမ်းချောမွေ့ အဆင်ပြေစေရေးအတွက် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီက ပျဉ်းမနားမြို့ ဘောဂသီရိကားကွင်းမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ တော်ဝင်ယာဉ်လိုင်းနှင့် ရာဇာမင်း EV ယာဉ်တို့ဖြင့် အခမဲ့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

အေးအေးသန့်၊

ဓာတ်ပုံ-ပြည့်စုံအောင်