သီတင်းကျွတ်ကာလအခါသမယတွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူအများ အေးချမ်းစွာ ဖူးမြော်ကြည်ညိုကုသိုလ်ဒါနပြု၊ သီတင်းကျွတ်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်

နေပြည်တော် အောက်တိုဘာ ၂၇

 

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များအနက် မွန်မြတ်ကြည်နူးဖွယ် အကောင်းဆုံးဖြစ်သည့် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ မြို့ပြနှင့် ကျေးလက်ဒေသအသီးသီးတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရား၊ စေတီပုထိုးများ၌ ဖူးမြော်ကြည်ညိုခြင်း၊ ကုသိုလ်ဒါန ပြုခြင်းများနှင့်အတူ အစဉ်အလာရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သင်္ကဿနဂိုရ် ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူလာသည့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးထွန်းပူဇော်သည့် အစဉ်အလာအတိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လမ်းတိုင်း၊ အိမ်တိုင်းတွင် ရောင်စုံဆီမီးများ၊ မီးပုံးများဖြင့် ထွန်းညှိပူဇော်ခြင်းများကို နိုင်ငံတစ်ဝန်း လှပတင့်တယ်သည့် သီတင်းကျွတ်ညချမ်းရှုခင်းများကို သာယာကြည်နူးချမ်းမြေ့ဖွယ် ကျင်းပလျက်ရှိကြသည်။

 

ထိုသို့ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း ကျင်းပလျက်ရှိရာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ယနေ့တွင်လည်း ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အပါအဝင် ဘုရား၊ စေတီပုထိုးများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် မိဘပြည်သူများသည် ဝါကျွတ်ကာလအခါသမယအဖြစ် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းလှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးကုသိုလ်ပြုခြင်းတို့ဖြင့် ကုသိုလ်သီလပွားများလျက်ရှိကြသည်။ ထို့အပြင် မြန်မာတို့၏ ချစ်ဖွယ်ကောင်းသော ယဉ်ကျေးမှု အစဉ်အလာအတိုင်း မိဘ၊ ဆရာ၊ သက်ကြီးဝါကြီး အဘိုးအဘွားများအား သွားရောက်ပူဇော်ကန်တော့ကြပြီး မေတ္တမင်္ဂလာ တရားများဖြင့် ပျော်ရွှင်စရာကောင်းသော သီတင်းကျွတ်ကာလကို ဖြတ်သန်းကြလျက်ရှိကြသည်။

 

မြို့ပြဒေသများရှိ အများပြည်သူအပန်းဖြေနေရာများ၊ ဥယျာဉ်များနှင့် ပန်းခြံများတွင်လည်း ရောင်စုံမီးအလှများ တပ်ဆင်ထားရှိကာ မြန်မာ့ရိုးရာ အကအလှများဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပေးလျက်ရှိရာ မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်း အဖွဲ့များအလိုက် လည်ပတ်အနားယူသူများဖြင့် အထူးပင်စည်ကားများပြားလျက်ရှိသည်။ အလားတူပင် ကျေးလက်ဒေသများတွင်လည်း ရွာလုံးကျွတ် ဆီမီးထွန်းပူဇော်ပွဲများ၊ ရိုးရာမီးပုံးပျံလွှတ်တင်ပွဲများနှင့် ဒေသဆိုင်ရာ ဘုရားပွဲတော်များကို ပျော်ရွှင်စွာကျင်းပကြရာ မြို့ပြနှင့် ကျေးလက်ဟန်ချက်ညီညီ ငြိမ်းချမ်းအေးမြသည့် ရိုးရာပွဲတော်ရသကို အပြည့်အဝ ဖန်တီးကြလျက်ရှိရာ ပြည်သူအများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေလည်ပတ်လျက်ရှိကြသည်။

 

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များ တစ်လျှောက် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးများ လှပစွာတပ်ဆင်ထားရှိပြီး မီးရောင်စုံများ တပ်ဆင်ထားသည့် ပန်းအလှပုံစံများ၊ ရောင်စုံမီးစာလုံးများ၊ အလှဆင်ပုံစံငယ်များကို ရောင်စုံမီးအလှများ ဆင်ယင်ထားရှိကြရာ လာရောက်အပန်းဖြေ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။    

သတင်းစဉ်

 Mon-2.jpg  Mandalay-7.jpg Mandalay-3.jpg Kachin-2.jp27-10-2026(နပခ)