ကိုလံဘို ဩဂုတ် ၁၆
သီရိလင်္ကာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာရေးအရည်အသွေး မြှင့်တင်ရန်အတွက် ၂၀၂၇ ခုနှစ် မှ ၂၀၃၁ ခုနှစ်အတွင်း သီရိလင်္ကာရူပီးငွေ ၄၂ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅၈ သန်းခန့်)ကို ခွဲဝေသုံးစွဲရန် အစိုးရက စီစဉ်ထားကြောင်း ဝန်ကြီးချုပ်နှင့် ပညာရေး၊ အဆင့်မြင့်ပညာ ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဝန်ကြီး ဒေါက်တာဟာရီနီ အမရသူရိယက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ခွဲဝေသုံးစွဲမည့် စုစုပေါင်းရန်ပုံငွေအနက် ရူပီးငွေ ၄ ဘီလီယံခန့်ကို အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးအဖွဲ့အတွက် သုံးစွဲရန်လျာထားပြီး အဆိုပါအဖွဲ့ကို ပြည်နယ်တိုင်းတွင် ထားရှိရန်စီစဉ်ထားကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများတွင် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီသော သင်တန်းများ မိတ်ဆက်ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်မီအောင်ပြုလုပ်ခြင်း၊ ဝန်ထမ်းလစ်လပ်နေရာများ ဖြည့်ဆည်းခြင်းနှင့် ကျောင်းသားများအတွက် အဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ တိုးတက်ကောင်းမွန်စေခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့် ပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဝန်ကြီး ဒေါက်တာ ဟာရီနီ အမရသူရိယက ပြောကြားခဲ့သည်။
နိုင်ငံ၏ ရိုးရာဓလေ့ဖြစ်သော စာမေးပွဲအခြေပြုပညာရေးစနစ်ထက် ကျော်လွန်၍ ပညာရေးအခွင့်အလမ်းများကို ချဲ့ထွင်ရန်နှင့် ကျောင်းသားများအတွက် ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ အခြားရွေးချယ်စရာလမ်းကြောင်းများကို ဖန်တီးပေးရန် အစိုးရက ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ၏ အမျိုးသားအဆင့် တိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါလျက်ရှိကြောင်းနှင့် လူငယ်များအကြား ယုံကြည်မှုအားကောင်းစေမည့်အပြင် မတူကွဲပြားသော ပညာရေးအခွင့်အလမ်းများကို ဖန်တီးပေးရန် အစိုးရက ရည်မှန်းထားကြောင်း အသက် မွေးဝမ်းကျောင်းပညာရေး ဒုတိယဝန်ကြီး နာလင်း ဟီဝါဂျီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


