ကိုလံဘို အောက်တိုဘာ ၄
သီရိလင်္ကာနိုင်ငံ၏ စက်သုံးဆီတင်သွင်းမှုအသုံးစရိတ်သည် ယခုနှစ် ပထမရှစ်လအတွင်း သိသာစွာမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၇ ဘီလီယံအထိရှိလာကြောင်း သီရိလင်္ကာဗဟိုဘဏ် ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသမီဒီယာများက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြထားသည်။
အဆိုပါအသုံးစရိတ်သည် ယမန်နှစ်အလားတူကာလက ကုန်ကျခဲ့သော အသုံးစရိတ် ၂ ဒသမ ၅၂ ဘီလီယံထက် ၁ ဒသမ ၅၅ ဘီလီယံပိုမိုများပြားခဲ့ပြီး ၆၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဒေသတွင်း Ada Derana သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဩဂုတ်လ တစ်လတည်းတွင် စက်သုံးဆီတင်သွင်းမှုကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄၅၀ ဒသမ ၆ သန်းရှိပြီး ယမန်နှစ် ဩဂုတ်လက ကုန်ကျခဲ့သည့် အသုံးစရိတ်ထက် ၇၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ထို့အပြင် သီရိလင်္ကာနိုင်ငံတွင် ဩဂုတ်လအတွင်း စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ယခုနှစ် ပထမရှစ်လအတွင်း စုစုပေါင်းကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၆ ဘီလီယံအထိရှိပြီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


