သြဂုတ်အထိ ကျင်းပမည့် AFF ပြိုင်ပွဲအားလုံးကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်ရွှေ့ဆိုင်း

၂၉  မတ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် သြဂုတ်အထိကျင်းပမည့် အာဆီယံအဆင့် (AFF) ပြိုင်ပွဲအားလုံးကို ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

 

0163

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးခု ကျင်းပရန်စီစဉ်ထားပြီး မေလမှ သြဂုတ်အထိ ပြိုင်ပွဲလေးခု ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပထမဆုံးအဖြစ် မေလတွင်ကျင်းပမည့် အာဆီယံအမျိုးသမီး ပြိုင်ပွဲအပါအဝင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် COVID-19 ရောဂါ ဖြစ်ပွားနေသောကြောင့် ပြိုင်ပွဲများကျင်းပရန် မဖြစ်နိုင်သလို အသင်းများလေ့ကျင့်ရာတွင်လည်း အဆင်မပြေနိုင်သောကြောင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

 

ယင်းပြိုင်ပွဲအားလုံးတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှု ရပ်နားထားရသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲလေးခုကို နှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲလေးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများအနက် မြန်မာ ယူ-၁၆ နှင့် ယူ-၁၈ အမျိုးသားအသင်းတို့မှာ လေ့ကျင့်မှုပြုလုပ်နေပြီး ပြည်တွင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှုပင် ရပ်နားထားသည်။ ထို့ပြင် အမျိုးသမီးလက်ရွေးစင်အသင်းများမှာလည်း လေ့ကျင့်မှုပြုလုပ်ရန် စီစဉ်နေသည့်ကာလတွင် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်