မက်စကပ် ဩဂုတ် ၁၃
အိုမန်နိုင်ငံတောင်ပိုင်း ဒိုဖာဒေသ ကမ်းလွန်တွင် သောင်တင်နေသည့် ကာရိုလိုင်းဘန်ဇင်ဂျီ သင်္ဘောရေနံယိုစိမ့်မှုမှ ထွက်ပေါ်လာသည့်ညစ်ညမ်းမှုသည် အိုမန်နိုင်ငံ အလယ်ပိုင်းကမ်းရိုးတန်း ဧရိယာတစ်ခုဖြစ်သော ရက်စ်မာဒရာခါ ရှိကမ်းခြေအချို့သို့ ရောက်ရှိထိခိုက်မှုရှိကြောင်း အိုမန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ဩဂုတ် ၁၂ ရက်တွင် ပြောသည်။
စောင့်ကြည့်ရေးကိရိယာများ၊ ဂြိုဟ်တုပုံရိပ်များနှင့် ခေတ်မီစနစ်များအသုံးပြု၍ ရေနံယိုစိမ့်ပျံ့နှံ့မှုရှိရာနေရာများကို ခြေရာခံရန်နှင့် ညစ်ညမ်းမှုဖြစ်ပွားနိုင်ခြေရှိသည့် ဧရိယာများကိုခန့်မှန်းရန် ဆောင်ရွက်လျက်ရှိသည်ဟု အာဏာပိုင်များက ပြောသည်။
ညစ်ညမ်းမှုဖြစ်ပွားရာဒေသများကိုကန့်သတ်ရန် အထူးအဖွဲ့များဖွဲ့စည်း၍ လုပ်ဆောင်လျက်ရှိသည်။ အဆိုပါသင်္ဘောသည် သင်္ဘောပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဇွန်လအတွင်းမှ စတင်၍ သောင်တင်နေခဲ့ခြင်းဖြစ်သည်ဟု မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါသင်္ဘောမှ ထွက်ရှိလာသည့် ရေနံယိုစိမ့်ညစ်ညမ်းမှုသည် ခန့်မှန်းခြေအားဖြင့် စတုရန်းကီလိုမီတာ ၃၉၀ အထိပျံ့နှံ့သွားပြီး အယ်ဟယ်လန်နီယက်ကျွန်းစုများ၏ အရှေ့မြောက်ဘက်မှ ပြည်မကမ်းရိုးတန်းဘက်သို့ ဆက်လက်ပျံ့နှံ့သွားကြောင်း သိရသည်။
ဆင်ဟွာ


