သြစတြေးလျနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများတင်းကျပ်ရန် အစီအစဉ်များ ထုတ်ပြန်

ဆစ်ဒနီ   စက်တင်ဘာ   ၁၇

သြစတြေးလျနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများကို တင်းကျပ်ရန် အစီအစဉ်များ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်များတွင် နိုင်ငံခြားသားကျောင်းသားများအနေဖြင့် မိသားစုဝင်များကို ခေါ်ဆောင်လာခွင့်  ပိတ်ပင်ခြင်းလည်း ပါဝင်သည်။

ပြည်ထဲရေးဝန်ကြီး တိုနီဘာကီက ယခုပြောင်းလဲမှုများ ပြုလုပ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အိမ်ရာရှားပါးမှုပြဿနာဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ရာအသစ်များ တည်ဆောက်နိုင်မည့်နှုန်းထားနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးအခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ်ကြည့်သောအခါ လူဦးရေပမာဏကို လျှော့ချနိုင်မည့်နည်းလမ်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားသားကျောင်းသားများအပေါ် ချမှတ်ထားသော ကန့်သတ်ချက်အသစ်များတွင် Ph.D (ပါရဂူဘွဲ့) သင်တန်းတက်ရောက်နေသူများနှင့် အာဆီယံနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ကျောင်း သားများအတွက် ခြွင်းချက်အချို့ ပါဝင်မည်ဖြစ်သည်။

နိုင်ငံတကာကျောင်းသားများအနေဖြင့် ပိုမိုမြင့်မားသောအဆင့်ရှိသည့် သင်တန်းများသို့ တက်ရောက်ခွင့်ရရှိမှသာလျှင် ၎င်းတို့၏ ဗီဇာသက်တမ်းကို တိုးမြှင့်ခွင့်ပြုမည်ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့်ပါဝင်သော အားလပ်ရက်ခရီးသွားဗီဇာများအတွက်မူ သက်တမ်းတိုးခွင့်ရရှိသူ အရေအတွက်ကို ကန့်သတ်နိုင်ရန် မဲနှိုက်ရွေးချယ်သည့်စနစ်တစ်ခုကို စတင်အသုံးပြုသွားမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်သည် အဓိကနိုင်ငံရေးပြဿနာတစ်ခု ဖြစ်နေသည်။

မူဝါဒအသစ်များကြောင့် ၂၀၂၈ ခုနှစ်အရောက်တွင် နိုင်ငံရပ်ခြားမှ လာရောက်နေထိုင်သူ အရေအတွက်ကို  လူဦးရေ ၃၀၀၀၀၀ ခန့်မှ ၂၂၅၀၀၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်