သဘာဝကိုစောင့်ရှောက်ကြပါမှ...

တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပိုမိုပူနွေးလာနေသည်ဟု သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တို့က သတိပေးပြောဆိုနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ သည်လို ပူနွေးလာနေမှုက ကမ္ဘာကြီး၏ ရပ်တည်နေမှုကို ခြိမ်းခြောက်လာနေပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် အဆိုပါခြိမ်းခြောက်မှု များက ကမ္ဘာကြီးပေါ်မှာ နေထိုင် ရှင်သန်နေကြသည့် လူသားတို့ကို အန္တရာယ်အချက်ပြ ခေါင်းလောင်းသံ များ ပေးနေခြင်းဖြစ်သည်။ ယင်းပူနွေးလာမှု၏ ပင်မအကြောင်းရင်းက များစွာရှိပေသည်။ အဓိက အကျဆုံးက လူတို့ သဘာဝပတ်ဝန်းကျင်ကို အသုံးချရန် သက်သက်အဖြစ်သာ သဘောထားနေကြမှု အပေါ် တည်နေ၏။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြစို့ဆိုသည့် ကြွေးကြော်သံ ' ထွက်ပေါ် လာသည်ကပင် မကြာလှသေး။

 

ဘယ်သို့သောအကြောင်းများကြောင့်ဖြစ်စေ ကမ္ဘာကြီးပူနွေးလာခြင်းက ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်စေမည်၊ ဝင်ရိုးစွန်းမှ ရေခဲတောင်များကို အရည်ပျော်စေမည်ဟု သာမန်အားဖြင့် နားလည်ထားကြ ပြီးဖြစ်သည်။ ထိုနားလည်မှု၏ နောက်တွင်များလှစွာသော အကျိုးဆက်များက တန်းစီ၍စောင့်နေသည်။ ရာသီဥတုဖောက်ပြန်မှုဆိုသည်က အချို့နေရာများတွင် မိုးအလွန်များလာမည်၊ အချို့နေရာတို့တွင် မိုးခေါင်မည်၊ အလွန်အမင်း ပူပြင်းလာမည့်ဒေသများရှိသကဲ့သို့ အအေးလှိုင်းများဝင်ကာ မခံမရပ် နိုင်အောင် အေးခဲမှုများကိုလည်း ကြုံကြရတော့မည်ဟု ဆိုလေသည်။ သည်လို ပြောင်းလဲမှုများက လူသားတို့အတွက် ကြီးမားလှသောထိခိုက်မှုများ ရှိလာတော့မည် ဆိုသည်မှာ ဖြေရခက်သော မေးခွန်း မဟုတ်တော့ပြီ။

 

မြန်မာနိုင်ငံ၏ အားကိုးရသော ပညာရှင်ကြီးဖြစ်သည့် ကွယ်လွန်သူ ဆရာဦးထွန်းလွင်၏ သတိပေး ချက်ကို ကိုးကားရမည်ဆိုလျှင် ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းတို့ကြောင့် အန္တရာယ် ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းများ၏ အန္တရာယ်ကို ပိုမိုဆိုးရွားလာစေမည်၊ လူဦးရေကို မူတည်တွက်ချက်မှုအရ ပင်လယ်ရေမြင့်တက်ခြင်းအန္တရာယ်ကို ကြုံတွေ့နေရသည့် လူ ၂ ဒသမ ၈ သန်းရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၄ ဒသမ ၆ သန်း ရှိလာလိမ့်မည်ဟု ဆို၏။

 

ထို့ပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဓနိတောများ၊ ဒီရေတောများ သည်လည်း ဆုတ်ယုတ်လာမည်ဟု ဆို၏။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ဒီရေတောများကို ထိခိုက်စေမည်ဖြစ်ပြီး ရွှံ့ညွန်တောများ ဆုံးရှုံးရမည်၊ ယခုပင် ရှားပါးစပြုနေပြီဖြစ်သော၊ မျိုးသုဉ်းတော့မည်ဟု သဘာဝ၏ ခြိမ်းခြောက်မှုကို ခံနေရပြီဖြစ်သော ရေတိမ်ငှက်များ ပျောက်ကွယ်သွားနိုင်ခြင်း၊ ပင်လယ်ငှက်များ၊ ပင်လယ်လိပ်များ၊ အခြားသော ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက် စေနိုင်မှုများ စသည်ဖြင့် များစွာသော အန္တရာယ်များကို ရင်ဆိုင်နေရပြီ ဖြစ်ချေသည်။

 

ဤသည်တို့၏ အကျိုးဆက်များအနေဖြင့် ရေသတ္တဝါများ၊ ငါးများအတွက် ကြီးစွာသော အန္တရာယ် ရှိနေကြောင်းနှင့် လူသားတို့အတွက် စားနပ်ရိက္ခာအကျပ်အတည်းများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း တို့ကိုလည်း သတိပေးထားလေသည်။

 

ကမ္ဘာတစ်လွှားမှ သိပ္ပံပညာရှင်များ၏ အဆိုအရ ရာသီဥတု ဖောက်ပြန်မှုများက ကုန်းနေ၊ ရေနေ သတ္တဝါများသာမက အပင်များ ကောက်ပဲသီးနှံများ၏ ဘာဝကိုပါ ထိခိုက်လာနိုင်နေသည်ဟုဆိုလေရာ လူသားတို့အပေါ် ကျရောက်လာမည်ဆိုသည့် အန္တရာယ်မှာ ဘက်စုံ၊ ထောင့်စုံက ရှိနေသည်ပဲ ဖြစ်လေသည်။

 

သဘာဝတောနေသတ္တဝါတို့ အစာရေစာ ငတ်မွတ်ရှားပါးမှုများ၊ နေရာဌာန ပြောင်းရွှေ့ရမှုများနှင့်အတူ လူသားတို့အတွက် ရေကြည်ရာ မြက်နုရာ ရှာကြရတော့မည့် အခြေအနေ။

 

ကမ္ဘာ့နေရာအနှံ့အပြားမှာ ရေမျက်နှာပြင်က တစ်စတစ်စ ပိုမိုမြင့်တက်လာမည်၊ ကမ္ဘာ့အချို့သော မြေပြင်များ ရေအောက်သို့ ရောက်သွားမည်၊ ကမ္ဘာ့မြေပုံအပြောင်းအလဲများ ဖြစ်လာမည်၊ လူတို့ နေရာဌာန ပြောင်းရွှေ့ရမှုများဖြစ်တော့မည် စသည် စသည်တို့က ပညာရှင်တို့ မြွက်ဟနေသော အဆိုများ။

 

ထိုဖော်ပြပါ ပြဿနာများက ဖြစ်လာတော့မည်ဟုပင် ဆို၍ မရနိုင်တော့ပြီ။ စတင်ဖြစ်ပွားနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။ သည်လို အခြေအနေတွင် ဖြစ်ပျက်နေမှု အမှန်တရားကို မျက်မှောက် မပြုနိုင်ကြသေးဘူး၊ လေးလေးနက်နက် မခံယူနိုင်ကြသေးဘူးဆိုလျှင် ကမ္ဘာတစ်ခွင်ဖြစ်ပွားလျက် ရှိသည့် ယိုယွင်းလာမှုများကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်။ တစ်နေ့တခြား မြန်ဆန်လာသည့် ဆိုးရွား မှုနှုန်းကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ဟု ပညာရှင်များက အထပ်ထပ်သတိပေး နေကြလေသည်။

 

မြန်မာနိုင်ငံဆိုသည်က ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုမျှသာ။ သည်ကမ္ဘာကြီးကို ဝိုင်းဝန်းထိန်းသိမ်း ကြရန် တာဝန်ရှိနေသည်အမှန်။ ဤသို့သော အကျပ်တည်းဆုံးအခြေအနေတွင် သစ်တောများ ထိန်းသိမ်းရေးလောက် မကတော့။ သစ်တစ်ပင်ချင်းကိုပင် ဂရုစိုက်ကာကွယ် စောင့်ရှောက်ရမည့် ကာလဖြစ်ချေသည်။ ရေတို မျက်တောင်မွေး တစ်ဆုံး အမြင်မျှဖြင့် ငွေလိုလျှင် သစ်ခုတ်ရောင်း၊ မြေအောက်တွင်းထွက် သယံဇာတဆိုလည်း ထုတ်ကြ၊ ရောင်းကြနေရတော့မည့်ကာလ မဟုတ် တော့ပါ။

 

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့ ဟူသည်ကို အလေးအနက်ထား ကြွေးကြော်သင့်ကြပေပြီ။ ။

 

မြန်မာ့အလင်း