ယမန်နေ့က ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် မြန်မာနိုင်ငံ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားခဲ့ပြီးနောက် ပိုမိုအားကောင်းသော မုန်တိုင်းငယ်ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တိုင်းထွာချက်များအရ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး အညိုရောင်အဆင့် မုန်တိုင်းငယ်အဖြစ် သတ်မှတ်ခဲ့သည်။
အားကောင်းသောမုန်တိုင်းငယ်သည် ဗဟိုချက်တွင် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် စက်တင်ဘာ ၂၈ ရက်နေ့ ညက သုံးခွမြို့၏ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်အကွာမှ ဖြတ်ကျော်လာခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့တွင် ပဲခူးမြို့၏အရှေ့ဘက် ၃၅ မိုင်ခန့်နှင့် ဖြူးမြို့၏ တောင်-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ဖြတ်သန်းတိုက်ခတ်ပြီးနောက် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဆက်လက်ဖြတ်ကျော်မည်ဟု ခန့်မှန်းခဲ့သည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် စက်တင်ဘာ ၃၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းဝင်ရောက်မည်ဟု ခန့်မှန်းခဲ့သည်။ အဆိုပါ အားကောင်း သောမုန်တိုင်းငယ်အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ဌာနကကြိုတင် အသိပေးခဲ့သည်။ မုန်တိုင်းငယ်ဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း ဒေသအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများ အချိန်ပိုင်းအလိုက်ဖြစ်ပေါ်ခဲ့ပြီး အချို့အနိမ့်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုကာလတစ်ခုအထိသာ ဖြစ်ပွားခဲ့သည်။ အားကောင်းသောမုန်တိုင်းငယ်သည် အညိုရောင် အဆင့်ဖြစ်၍ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မရှိနိုင်ဘဲ လက်တွေ့၌လည်း ဆိုးဆိုးရွားရွားဖြစ်ပေါ်မှုများမကြုံတွေ့ရပေ။ သို့သော် မုန်တိုင်းငယ်စတင်ဖြစ်ပေါ် သည့်အချိန်မှစ၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မမှန်မကန် သတင်းထုတ်လွှင့်မှုများရှိခဲ့ရာ ပြည်သူများသည် တရားမဝင်သတင်းများကို နားမယောင်ဘဲ တရားဝင်သတင်းများ ကိုသာ အသိအမှတ်ပြုကြရန်လိုပါသည်။
အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် အစွန်းရောက်ရာသီဥတုအခြေအနေများနှင့် ကြုံတွေ့နိုင်၊ ကြုံတွေ့လျက်ရှိရာ မြစ်ငယ် ချောင်းငယ်များအနီး နေထိုင်ကြသောပြည်သူများအနေဖြင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကို သတိပြု နေထိုင်ကြရန်လိုသည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း စသည်တို့ကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ ယခုမိုးလေဝသဖြစ်စဉ်သည် မိုးအကုန် ဆောင်းအကူး ရာသီဥတုအကူး အပြောင်းကာလကို ပျက်ပြားစေ သည့်ဖြစ်စဉ်ဖြစ်ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြည်သူများသည် ဖြစ်ပေါ်နေသော ရာသီဥတုအပြောင်း အလဲဖြစ်စဉ်များကို သတိပြု၍ ကြိုတင်ကာကွယ် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ယခုအခါ အင်အားအလွန်ကောင်းသည့် အယ်လ်နီညို ဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မုတ်သုံရာသီကုန်ဆုံးသွားပြီး ပုံမှန်ဆောင်းကာလသို့ ရောက်ရှိရမည်ဖြစ်သော်လည်း အယ်လ်နီညို ဖြစ်စဉ်ကြောင့် အလွန်ပူပြင်းသည့်ဒဏ်နှင့် ကြုံတွေ့နိုင်သည့် ကာလတွင်လတ်တလော၌ မုန်တိုင်းငယ် အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို သတိပြုကြရန်နှင့် အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ကြုံတွေ့လာနိုင်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။ ။


