သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါး အောက်တိုဘာ ၁၂

အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စားရေရိက္ခာပြတ်လပ်နိုင်မှု၊ ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အစီအမံနှင့် ကူညီထောက်ပံ့မှုများဆောင်ရွက် ရာတွင် မျှတမှုရှိရေးတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ မွန်းလွဲပိုင်းတွင် ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချက်ချင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ရှိသကဲ့သို့ ကာလတို၊ ကာလရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများရှိရမည်ဖြစ်ကြောင်း၊ အယ်လ်နီညို နှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာန ၁၇ ခုမှ ပြည်နယ်အဆင့်တာဝန်ရှိသူများက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့် အစီအမံများနှင့် သဘာဝဘေးကျရောက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများက အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)