သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအတွက် ကိုဗစ်-၁၉ အကြောင်း တစေ့တစောင်း

၂ ဧပြီ

 

ယနေ့ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုကို သွားနှင့်ခံတွင်း စောင့်ရှောက်မှုပေးနေရသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ သိသင့်သိထိုက်သည်များကို မျှဝေရန် အတွက် ဤဆောင်းပါးကို ရေးဖြစ်သည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှအစပြုကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှတစ်ဆင့် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၃ နိုင်ငံသို့ ရောဂါပျံ့နှံ့၍ ဧပြီ ၁ ရက်နေ့ စာရင်း ဇယားများအရ ကမ္ဘာ့နိုင်ငံများတွင် လူ ၄၂၁၅၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

 

သွားနှင့် ခံတွင်းဆရာဝန်များအနေဖြင့် အဓိက ဂရုပြုရမည့် ကိုဗစ်-၁၉ ကူးစက်နိုင်သည့် နည်းလမ်းသုံးခုမှာ

 

(၁) သွားရောဂါကုသရာတွင် အသုံးပြုသော သွားဖောက်စက် (DENTAL HANDPIECE)နှင့် သွား၊ တံတွေး ထိတွေ့ရာမှ ထွက်လာသော အမှုန်အမွှားများ (airborne spread)

 

(၂) လူနာနှင့်ထိတွေ့ရာမှ ကူးစက်ခြင်း (contact spread)

 

(၃) ဗိုင်းရပ်စ်ပိုးရှိထားနှင့်ပြီးသော မျက်နှာပြင်များကို ထိတွေ့ရာမှ ကူးစက်ခြင်း (contaminated surface spread) တို့ဖြစ်သည်။

 

သွားရောဂါကုသရာတွင် အသုံးပြုသည့် စိန်လွန် သွားပါ သွားဖောက်စက်များသည် တစ်မိနစ်လျှင် အပတ်ရေ သုံးသိန်းခန့် လည်သည့်အလျောက် သွားမျက်နှာပြင် နှင့် သွားအတွင်းရှိ ဆဲလ်များ မပျက်စီးစေရန်အတွက် စိန်လွန်သွား(Diamond Burs) လည်သည်နှင့်အမျှ ရေဖျန်းပေးသည့်စနစ်ကို ထည့်သွင်းထားရာ လူနာ၏ သွား၊ တံတွေး၊ သွေးတို့နှင့် သွားဖောက်စက်ထိရာမှ ထွက်ပေါ်လာသော ရေစက်အမှုန်အမွှား (aerosol) တို့မှတစ်ဆင့် သွားနှင့်ခံတွင်းဆရာဝန်တို့အား ကူးစက်နိုင်မှု အလွန်မြင့်မားသဖြင့် အထူးဂရုပြုရပေမည်။

 

ပြည်သူလူထုအား သွားနှင့်ခံတွင်းစောင့်ရှောက်မှု ပေးနေရသော သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အောက်ပါအချက် အလက်များကို လိုက်နာရန် လိုအပ်ပါသည်။ 

 

(၁) မိမိတို့၏ ဆေးရုံ၊ ဆေးခန်းသို့ သွားရောဂါကုသမှုခံယူရန် လာရောက်သော လူနာတိုင်းအား ကိုယ် အပူချိန် မဖြစ်မနေ တိုင်းတာရန်နှင့် ခရီးသွား ရာဇဝင်မေးရန်၊

 

(၂) ကိုဗစ်-၁၉ ရောဂါသည် လူနာနှင့် တိုက်ရိုက် ထိတွေ့ခြင်း (ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ မျက်နှာ၊ နှာခေါင်းတို့အား ထိတွေ့ကိုင်တွယ်ခြင်း) မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်၍ စနစ်တကျ လက်ဆေးခြင်းသည် အလွန်အရေးကြီးပါသည်။ လူနာအား မစစ်ဆေးမီနှင့် လူနာနှင့်ထိတွေ့ အပြီး လက်ကိုစနစ်တကျ စင်ကြယ်စွာ ဆေးကြောရန် (စီချွမ်ပြည်နယ်၊ West China Hospital of Stomatology ၏ အဆိုအရ ကုသမှုမပေးမီ နှစ်ကြိမ်၊ ကုသမှုပေးပြီး သုံးကြိမ် စနစ်တကျ လက်ဆေးရန်)၊

 

(၃) လေ့လာတွေ့ရှိချက် အရ human coronavirus သည် အပူချိန် ၂၂°C မှ ၂၅°C နှင့် စိုထိုင်းဆ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအတွင်း သက်မဲ့မျက်နှာ ပြင်များအပေါ်တွင် ငါးရက်ခန့်အထိ အသက်ရှင်နိုင် သဖြင့် သွားနှင့် ခံတွင်း ကုသမှုပေးရာမှ ပေါ်ထွက် လာသောရေစက် အမှုန်အမွှားများ၏ အန္တရာယ်သည် လွန်စွာမှ ကူးစက်နိုင်ခြေ မြင့်မားလှပါသည်။ ကုသမှုပေးနေစဉ် တစ်ခါသုံး ခေါင်းစွပ်၊ နှာခေါင်း စည်း(surgical masks)၊ လက်အိတ်နှင့် မျက်နှာကို အရည်မစဉ်စေရန် မျက်နှာဖုံးအကာတို့ကို မဖြစ်မနေ ဝတ်ဆင်ရန်၊

 

(၄) 2015-nCoV ပိုးသည် ဓာတ်တိုးမှုဖြစ်စဉ်ကို ခံနိုင်ရည်စွမ်းမရှိ၍ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များ အများဆုံးအသုံးပြုလေ့ရှိသည့် Chlorhexidine ပလုတ်ကျင်းဆေးရည်အစား ဓာတ်တိုးပစ္စည်းများ ပါဝင်သည့် တစ်ရာခိုင်နှုန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ် (သို့မဟုတ်) ၀.၂ ရာခိုင်နှုန်း ပိုဗီဒုန်း ပလုတ်ကျင်းဆေးရည်များကို အစားထိုးအသုံးပြုရန်၊

 

(၅) လူနာများအား တိကျသော ရောဂါအဖြေရရန် လူနာများနှင့်ခံတွင်း အတွက်တစ်ခါတစ်ရံ သွားနှင့်ခံတွင်း ဓာတ်မှန်များကိုရိုက်ရန် ညွှန်းပို့ရသည်ဖြစ်ရာ ပုံမှန်ရိုက်နေကျ ခံတွင်းအတွင်း ဓာတ်မှန်ဖလင်ကို ထည့်ရိုက်ရသော Intraoral X'ray Examination သည် လူနာအား တံတွေး ပိုမိုထွက်စေနိုင်ခြင်း၊ ချောင်းဆိုးစေနိုင်ခြင်း တို့ကြောင့် အဆိုပါနည်းအစား ခံတွင်းပြင်ပတွင် ဓာတ်မှန်ဖလင်ကိုထား၍ ရိုက်ရသော မြင်ကွင်းကျယ် ဓာတ်မှန် (Panoramic View) သို့မဟုတ် မိမိသိမြင်လိုသည့် နေရာကို အလွှာလိုက်ပိုင်းခြား မြင်နိုင်သော အဆင့်မြင့် ကွန်ပျူတာ ဓာတ်မှန် နည်းပညာ(CB-CT)တို့ကို အစားထိုး အသုံးပြုရန်။ United Kingdom COVID-19 Guidelines for Dental Profession ၏ ညွှန်ကြားချက်အရ -

 

(က) ရောဂါခြေချုပ်ဖြင့်နေသင့်သော လူနာအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုပေးခြင်းမှ ခေတ္တဆိုင်းငံ့ထားရန်၊

 

(ခ) သွားနှင့်ခံတွင်းဆိုင်ရာရောဂါအတွက် လူနာများအား ပုံမှန်ကုသမှုပေးရာတွင် ရေစက် အမှုန်အမွှား (aerosol)များ ထွက်ပေါ်နိုင်သည့် လုပ်ငန်းဆောင်တာများ (ဥပမာ- သွားဖာ ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ သွားအသေစိုက်ခြင်း စသည်)အား လုပ်ဆောင်ခြင်းမပြုရန်၊

 

(ဂ) ရေစက်အမှုန်အမွှားများ ထွက်ပေါ်လာနိုင်သည့် ဖော်ပြပါလုပ်ငန်းဆောင်တာများအား မဖြစ်မနေလုပ်ဆောင်ရမည်ဆိုပါက နှာခေါင်း စည်းအပြင် မျက်နှာဖုံးအကာ (Full Face Shield or Goggles) မဖြစ်မနေ ဝတ်ဆင်ရန်၊

 

(ဃ) သွားနှင့်ခံတွင်းလူနာသည် ကိုယ်ဝန်ဆောင် မိခင်ဖြစ်ပါကလည်းကောင်း၊ အသက်၇၀ နှင့်အထက် (သို့) ပြင်းထန်သော အခြားရောဂါ အခံ (ဥပမာ- ဆီးချို၊ နာတာရှည်ရောဂါ) ရှိသည့် လူနာများအားလည်းကောင်း ပုံမှန် ကုသမှုပေးခြင်းမှ ခေတ္တဆိုင်းငံ့ထားရန်၊

 

(င) မိမိဆေးခန်းရှိ တံခါးလက်ကိုင်များ၊ လူနာနှင့် ထိတွေ့ခွင့်ရနိုင်သည့် အခြားမျက်နှာပြင်များအား သန့်ရှင်းရေးပြုလုပ်ရန်၊

 

(စ) လူနာအပြင် လူနာနှင့်အတူ လိုက်ပါလာသော အဖော်များအား ကိုယ်အပူချိန်တိုင်း ရန်နှင့် ၎င်းတို့ အသုံးပြုနိုင်ရန်အတွက် လက်သန့်ဆေးရည်ထားရှိပေးရန်။ အချုပ်အားဖြင့်ဆိုရသော် သွားနှင့်ခံတွင်း ဆရာဝန်များသည် လူနာအား နီးကပ်စွာ ကုသမှုပေးရခြင်းနှင့် သွားဖောက်စက်အသုံးပြုရာမှ ထွက်ပေါ်လာသော ရေစက်အမှုန်အမွှား (aerosol) တို့ကြောင့် 2019-nCov ကူးစက်ခံရနိုင်ခြေများသဖြင့် ဖော်ပြပါအချက်များကို မပျက်မကွက် လိုက်နာစေလိုပါသည်။

 

အတ္တသမာပဏိဓိစ ဧတံမင်္ဂလမုတ္တမံ “မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ ဟူသော မင်္ဂလာ တရားတော်နှင့်အညီ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ရှိ လူအများကိုပါ ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင် ရေးအတွက် အထက်ဖော်ပြပါ အချက်အလက်များကို ကျင့်သုံးလိုက်နာကြရန် တိုက်တွန်းလိုက်ရပါသည်။

 

သွားနှင့်ခံတွင်းဆရာဝန်များအပါအဝင် ပြည်သူတစ်ရပ်လုံး ကိုဗစ်-၁၉ ဘေး ကင်းဝေးနိုင်ကြပါစေ။ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်ကြပါစေ။ ။

 

ကျမ်းကိုးစာရင်း 1. Peng et al. (2020) Transmission routes of 2019-nCoV and controls in dental practice, International Journal of Oral Science 12:9, https://doi.org/ 10.1038/s41368020-0075-9

 

2. Meng et al. (2020) Coronavirus Disease 2019 (COVID-19): Emerging and future challenges for Dental and Oral Medicine, Journal of Detnal Research1-7, DOI: 10.1177/ 0022034520914246 journals sagepub.com/home/jdr

 

ပါမောက္ခဒေါက်တာရွှေတိုး