သာစွဌာနေ၊ ကယားမြေမှ ဌာနေတိုင်းရင်းသား ဂေခို(ကဲ့ခို)သွေးချင်းများ

မောင်မောင်ကျော(ပလက်ဝ)

 

ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်တည်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးထဲတွင်  ဧရိယာအငယ်ဆုံးဖြစ်သည်။ ၄၅၉ ဒသမ ၅၆ စတုရန်းမိုင်သာ ကျယ်ဝန်းသည်။ ကယား၊ ကယော (ဗရဲ)၊ ယင်းတလဲ၊ ဂေဘား၊ မနုမနော(ကော်ယော်)၊ ကယန်း(ပဒေါင်)၊ ဂေခို(ကဲ့ခို)၊ ယင်းဘော်၊ ဇယိမ်း စသည့်ကယားအနွယ်ဝင်တို့နှင့် ပအိုဝ်း၊ ရှမ်း၊ ပကူးကရင်၊ ဗမာ၊ အင်းသား၊ လီဆူးတို့ အတူယှဉ်တွဲနေထိုင်ကြသည်။ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင် ဘောလခဲခရိုင် နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မယ်နယ်ခုံမြို့၊ လွိုင်လင်လေးမြို့တို့ ပါဝင်သည်။ ဘောလခဲခရိုင်တွင် ဘောလခဲ မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စုံမြို့နယ်နှင့် ရွာသစ်မြို့တို့ပါဝင်ကြသည်။ ဂေခိုတို့မှာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် နေထိုင်ကြသည်။

 

ဂေခို(ကဲ့ခို)လူမျိုး

 

ဂေခို(ကဲ့ခို)တို့ကို အချို့က ကေခို၊ ဂဲခိုဟူ၍အသံပြောင်း အမျိုးမျိုးခေါ် ကြသည်။ သူတို့နှစ်သက်သော အမည်မှာ ဂေခို(ကဲ့ခို) ဖြစ်သည်။ ဂေခို(ကဲ့ခို)စကား ပြောဆိုကြသည်။ သီးခြားစာပေမရှိ။ ရောမအက္ခရာဖြင့် တီထွင်ထားသော ဂေဘားစာပေကိုသာ အသုံးပြုကြသည်။ အချို့က ဂေခို(ကဲ့ခို)နှင့် ဂေဘားကို လူမျိုးတစ်မျိုးတည်းဟု ထင်မှတ်ကြသည်။ ဂေခို (ကဲ့ခို) တို့မှာ ကယန်းလေးမျိုးတွင် ပါဝင်သည့် ကယန်းနွယ်ဝင်မှ သီးခြားအမည်ဖြင့် ပွားစီးလာသော လူမျိုးတစ်မျိုး  ဖြစ်သည်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ကယားအစုဝင် လူမျိုးတစ်မျိုးအဖြစ် ဖော်ပြရပ်တည်လာသော လူမျိုးလည်းဖြစ်သည်။ ကယန်းတို့သည် တောင်ပေါ်တွင်သာ နေထိုင်မှု သဘာဝရှိကြသူတို့အား ကယန်းကဒေါ့ဟု ခေါ်သည်။ ကယန်း ကဒေါ့မှသည် နေထိုင်ရာဒေသအစွဲပြု၍ ဂေခို(ကဲ့ခို)လူမျိုးဟု ပွားစီးခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူတို့ကိုယ်သူတို့ ဂေခို(ကဲ့ခို)ဟုသာ သုံးနှုန်းကြသည်။ အချို့က ကယန်းဂေခိုဟုလည်း ခေါ်ကြသည်။ ၁၉၆၅ ခုနှစ် (၁၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲ(၉)မှ တင်ပြသောစာရင်းတွင် ဂေခိုတိုင်းရင်းသား ၃၀၀ ခန့်သာ ရှိသည်ဟု ဖော်ပြထားသည်။ ယခုအခါ ကယားပြည်နယ်တွင် ခိုတိုင်းရင်းသား ၁၀၀၀၀ ကျော်ခန့် ရှိနေပေပြီ။

 

ဆင်းသက်ပေါက်ဖွားဂေခိုတိုင်းရင်းသား

 

ကယားတိုင်းရင်းသားအားလုံးလိုလိုပင် အာရှတိုက် အလယ်ပိုင်းမွန်ဂို ကုန်းမြေမြင့်မှ တောင်တန်းများနှင့် တာရင့်မြစ်ဝှမ်းတွင် နေထိုင်ရာမှ တောင်ဘက်သို့ တရွေ့ရွေ့ဆင်းသက်လာသူများဖြစ်သည်။ သူတို့သည် မွန်ဂိုလွိုက်အနွယ် (Mongoloid stock) မှဆင်းသက်လာသော အသားဝါလူမျိုးများ ဖြစ်သည်။ ကယားမျိုးနွယ်စုထဲတွင် ကယန်းတိုင်းရင်းသားလည်း ပါဝင်ပေသည်။ ကယန်း လေးမျိုးရှိလေရာ ဂေခိုတို့မှာ ကယန်းအုပ်စုဝင်တစ်မျိုးဖြစ်သည့်ကယန်းကဒေါ့ပင် ဖြစ်သည်ဟု ဆို၏။ ။

 

ကယန်းတို့မူလအမည်မှာ (ကန်ယန်) ဖြစ်သည်။ “ကန်”မှာ ပိုင်နက်နယ်မြေ၊ “ယန်”မှာ စွဲစွဲမြဲမြဲ နေထိုင်ခြင်းဟု အဓိပ္ပာယ်မည်၏။ အတည်တကျရှိခြင်းဟုလည်း အဓိပ္ပာယ်ရ၏။ သို့အတွက် ကန်ယန်ဟူသည် နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ နေသူဟုလည်း ဆိုလိုပေသည်။ ဦးစွာ “ကန်ယန်” ဟု ကြာမြင့်စွာ ခေါ်ဝေါ်ခဲ့ကြပြီး နောင်တွင်ကန်ယန်ဖြစ်ခဲ့ကြောင်း တိုင်းရင်းသားသုတေသီ ဦးမင်းနိုင်က ရေးသားခဲ့ဖူးပါသည်။ ကယန်းလေးမျိုးမှာ (၁) လည်ပင်းနှင့် ခြေထောက်တွင် ကြေးခွေများဝတ်ဆင်ထားသည့် ကယန်းပဒေါင် (ခေါ်) ကယန်းများ၊ (၂) တောင်ပေါ်တွင်သာ အနေများသော ဂေခို (ခေါ်) ကယန်းကဒေါ့များ၊ (၃)လည်ပင်း၌ ငွေပြားများချိတ်ဆွဲဝတ်ဆင်လေ့ရှိသည့် ယင်းဘော် (ခေါ်) ကယန်းကငန်များ၊ (၄)ကျောက်တုံးကျောက်ဆောင်များအကြား အိမ်ငယ်လေးများ ဆောက်လုပ်နေထိုင်တတ်သည့် ဇယိမ်း (ခေါ်) ကယန်းလဲထများ ဖြစ်ကြသည်။

 

ကယန်းတို့၏ မူလအစနေရာမှာ အာရှမိုင်းနား (မောအိုက်ရှဒေသ) ဖြစ်သည်ဟု သုတေသီတို့၏ အဆိုအမိန့်များရှိသည်။ အာရှမိုင်းနားမှတစ်ဆင့် မွန်ဂိုလီးယား၊ ထိုမှတစ်ဆင့် သံလွင်မြစ်ကြောင်းအတိုင်း ဆင်းလာပြီး မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာသူများဖြစ်သည်ဟု ရေးသားထားသည်။ ဂေခိုတို့မှာလည်း ကယန်းနွယ်ဝင်များဟု ဆိုထားလေရာ ကယန်းတို့နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသူများပင်ဖြစ်ပေသည်။

 

ဂေခိုတို့၏အုပ်ချုပ်ရေးစနစ်

 

ဂေခိုတို့၏အုပ်ချုပ်ရေးစနစ်မှာ စောဖျာ (Sao Pya) ခေါ် နယ်စားပယ်စား အကြီးအကဲများ အုပ်ချုပ်သော စနစ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်မတိုင်မီက တောင်စား တောင်ပိုင်များက အုပ်ချုပ်ခဲ့သည်။ ကချင်တို့ ဘွမ်ဒူဝါ (ခေါ်) တောင်ပိုင်ကြီးများအုပ်ချုပ်မှုနှင့်တူသည်။ စစ်ကိုင်းမင်းလက်ထက်က “စဝ်စာကျော်” ဆိုသူသည် တောင်စား တောင်ပိုင်ရာထူးကို ရဖူးကြောင်း ဂေခိုဘိုးဘွားများ လက်ဆင့်ကမ်း ပြောကြားခဲ့ကြသည်။

 

စဝ်စာကျော်၏သားမှာ “သန်းဖားအေလော” ဖြစ်၍ မြေးနှင့် မြစ်တို့မှာ (စလိုဖားအေတာနှင့် တာလာဖာလီတို) တို့ဖြစ်ကြသည်။ စဝ်စာကျော်၏ (၃၆) ဆက်မြောက် အကြီးအကဲမှာ “လတက်” ဆိုသူဖြစ်သည်။ ၎င်းသည် မြန်မာဘုရင်ကုန်းဘောင်မင်း၌ တောင်ပိုင်စား တောင်ပိုင်ဘွဲ့ကိုရခဲ့သည်။ ၄၆ ဆက်မြောက်တွင် သိုင်းကာလ (ခေါ်) မောင်ကျော်အား အင်္ဂလိပ်တို့က လက်ထောက် မြို့ပိုင်ကဲ့သို့ ရာထူးမျိုးပေးပြီး လုံခြုံရေးအတွက် ဂတ်တဲဌာနတစ်ခုကိုပါ ဖွင့်ခဲ့ဖူးကြောင်း၊ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ(ကယား) စာအုပ် စာမျက်နှာ ၁၇၁ တွင် ဖော်ပြထားသည်။ ထိုမောင်ကျော်၏သားမှာ “ညီလိုရား” ဖြစ်သည်။ ညီလိုးရားခေတ်တွင် တောင်ပိုင်ဟု မခေါ်တော့ဘဲ “စော်ကဲ” ဟုခေါ်လာ ကြသည်။ ထိုစော်ဖျာစနစ်သည် ညီလိုရား လက်ထက်မှာပင် ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ စောဖျာစဝ်စာကျော်၏ တောင်စားတောင်ပိုင်စနစ် ပျက်သုဉ်းသွားတော့သည်။ ထိုစနစ် ပျက်သုဉ်းသည့်အခါ အင်္ဂလိပ်တို့က ရပ်ရွာအကြီးအကဲ တင်မြှောက်အုပ်ချုပ်စေခဲ့သည်။

 

စာပေ၊ ဘာသာစကား

 

ဂေခိုတို့၏ ဆက်သွယ်ရေးကိရိယာသည် ဂေခိုဘာသာစကားပင်ဖြစ်သည်။ လူမျိုးတစ်မျိုးတွင် မိမိတို့ဘာသာစကားကို အခြေခံ၍ မိမိတို့စာပေကို တီထွင်ဖန်တီးကာ စာပေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြသည်။ ဂေခိုတို့တွင် ကိုယ်ပိုင်စာပေ မရှိသေးချေ။ ဂေခိုဘာသာစကားကို ပြောဆိုကြ၍ ဂေဘားစာပေကို အသုံးပြုကြသည်။ ဂေခိုရွာတိုင်းလိုလို ဂေခိုစကားကို ရှေးမူမပျက်ပြောဆို နေကြသေးသော်လည်း စာပေရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကိုကား အားနည်းခဲ့သည်။ နောင်တွင် ရိုးရာဘာသာစကားပင် ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် ဂေခိုတို့သည် မိမိတို့ရိုးရာဘာသာစကားကို အခြေခံ၍ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရပါမည်။

 

ယခုအခါ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားအားလုံး၏ စာပေနှင့် ယဉ်ကျေးမှုများ ခေတ်မီဖွံ့ဖြိုးစေရန်နှင့် နေ့ထူးနေ့မြတ်များ ကျင်းပခြင်းကို လွတ်လပ်စွာ တီထွင်ကြံဆဖော်ထုတ်နိုင်ရန် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှစ်ခုဖြင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဦးစီးဌာနတို့ကိုပါ ဖွဲ့စည်းထားရှိပါသည်။ ဤသို့သော အချိန်အခါမျိုးတွင် ဂေခိုတိုင်းရင်းသားတို့ အနေဖြင့်လည်း ဒေသတွင်းအတူနေ ဂေဘာ တိုင်းရင်းသားတို့ကဲ့သို့ မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ဖွဲ့စည်း၍ မိမိတို့စာပေယဉ်ကျေးမှု အခန်းကဏ္ဍ ကို မိမိတို့ပြည်နယ်အတွင်းရှိ စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် မိမိတို့အမျိုးဂုဏ်၊ ဇာတိ ဂုဏ်၊ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရပေမည်။

 

လူမှုစီးပွားဘဝ

 

ဂေခိုတို့သည် အခြား ကယားဌာနေ တိုင်းရင်းသားများကဲ့သို့ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ကြသည်။ လှေကားထစ်စိုက်ပျိုးရေး စနစ်လည်း အသုံးပြုကြသည်။ စပါး၊ ဂျုံ၊ ပြောင်း၊ နှမ်း၊ ဝါများစိုက်ကြသည်။ တောင်ယာမလုပ်မီကြက်တစ်ကောင်ကို လည်လှီးသတ်ဖြတ်ပြီး သွေးကိုယူကာ ယာခင်းအလယ်တွင် ပက်ဖျန်းလေ့ရှိသည်။ တောင်ယာခုတ်မည့် နေ့ရက်ကို သိနိုင်ရန် ကြက်ရိုးထိုး ဗေဒင်ကိုကြည့်ကြသည်။ ဗေဒင်အရ တောင်ယာခုတ်ခြင်း၊ တောင်ယာမီးရှို့ခြင်း၊ စိုက်ပျိုးခြင်းများ ပြုလုပ်တတ်ကြသည်။ ဥယျာဉ်ခြံမြေများတွင် ကွမ်းသီး၊ ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ သစ်တော်၊ တညင်းများလည်း စိုက်ကြသည်။

 

တောင်ယာလုပ်ငန်းအားလပ်ချိန်တွင် ငါးရှာ၊ ဖားရှာကြသည်။ ငါးများကို ပိုက်ကွန်၊ မြှုံးတို့ဖြင့် ဖမ်းလေ့မရှိ။ ဟုန်းနွယ်ပင်များ ရှာဖွေထုထောင်းကာ ရေထဲ ပစ်ချကြသည်။ ဟုန်းအဆိပ်ရည်ကြောင့် ငါးများမူးမေ့နေချိန်တွင် ဇံ (ခေါ်) ယက်သဲ့များ၊ ငါးမျှားတံများ၊ နှစ်ခွမှိန်းများဖြင့် ဖမ်းယူကြသည်။ ဂေခိုအမျိုးသားတိုင်း အမဲလိုက်ရန် ဝါသနာပါသည်။ တောကောင်များကို ကျင်းထောင်ချောက်ပြုလုပ် ဖမ်းကြသည်။ ကျင်းထောင်ချောက်လုပ်ပုံမှာ မြေကြီးကို မတိမ်မနက်တူး၍ ကျင်းထဲတွင် ဝါးချွန်များ၊ ညှောင့်များစိုက်ကာ အပေါ်မှအမှိုက်အုပ်ထားသည်။ သားကောင်များ ကျင်းထဲကျပြီးသေနေမှ ကောက်ယူစားသောက်သည်။ တူမီး၊ ဝါးချွန်၊ လေးများကိုသုံး၍ တောလိုက်ခြင်းလည်း လုပ်တတ်ကြပေသည်။

 

ဂေခိုအမျိုးသမီးများမှာ ပျင်းရိသူများမဟုတ်ကြ။ အချက်အပြုတ်၊ အဖွပ် အလျှော်အားလပ်သည်နှင့် ဂျပ်ခုတ် ရက်ကန်းရက်ခြင်း၊ ဖျာကြမ်း၊ ဖျာချောနှင့် တောင်းပလုံးများရက်ခြင်းကို အမြဲတစေ လုပ်နေတတ်ကြသည်။ ဂေခိုတို့သည် ဝါးပြွေ၊ မောရို၊ ဆိတ်ချိုနှင့် သံဒရုံးခေါ် တူရိယာနှင့် အမျိုးသမီးများအတွက် ဘယက်၊ နားတောင်း၊ လက်ကောက်စသည့်တို့ကို လက်မှုပညာမြောက်စွာ လုပ်တတ်ကြသည်။

 

ရိုးရာဝတ်စားဆင်ယင်မှု

 

ရှေးခေတ် ဂေဘားအမျိုးသားများသည် အဖြူသက်သက် (သို့) အစိမ်း၊ အနီအစင်းများပါသော ဘောင်းဘီတိုကို ဝတ်ကြသည်။ ကော်လံမပါသော ရင်ကွဲအင်္ကျီကိုဝတ်၍ သျှောင်ကိုထုံးကာ ခေါင်းပေါင်းပေါင်းသည်။ ယနေ့ခေတ်ဂေခိုတို့မှာ အနက်ရောင်ရှမ်းဘောင်းဘီ အရှည်နှင့် ရှပ်အင်္ကျီအဖြူ လက်ရှည်ကိုဝတ်သည်။ ခါးတွင် ခါးပတ်ဝတ်ကာ ငွေဓားမြောင်တစ်လက်ကို ထိုးထားတတ်သည်။

 

အမျိုးသမီးများအနေဖြင့် အနက်ရောင်ရင်စေ့ အင်္ကျီလက်ရှည်ကိုဝတ်၍ အပေါ်မှ အဖြူရောင်ပဝါငယ်ကို တင်ထားကြသည်။ အောက်ပိုင်းတွင် အရုပ်မျိုးစုံပါသော သင်တိုင်းကိုလည်းကောင်း၊ ပတ်လည်ကန့်လန့်စင်းများ ပါသော ထဘီကိုလည်းကောင်း ဝတ်ဆင်ကြသည်။ ဆံပင်ရှည်ကို နောက်တွဲထုံး၍ ခေါင်းစည်း ပဝါများ ပတ်ထားလေ့ရှိသည်။

 

လူမှုရေးဓလေ့များ

 

ဂေခိုတိုင်းရင်းသားများထုံးစံတွင် လက်ထပ်ခြင်း မပြုမီ စေ့စပ်ကြောင်းလမ်းခြင်းကို အရင်လုပ်ရသည်။ စေ့စပ်ပြီးတစ်လ (သို့) တစ်နှစ်ကြာမှ လက်ထပ်ပွဲ လုပ်ကြသည်။ လက်ထပ်ပွဲကို သတိုးသမီးအိမ်တွင် ပြုလုပ်လေ့ရှိသည်။ ကုန်ကျစရိတ် သုံးပုံနှစ်ပုံကို သတိုးသားဘက်က ကျခံ၍ ကျန်တစ်ပုံကိုသာ မိန်းကလေးဘက်က ပေးရသည်။ လက်ထပ်ပွဲတွင် “ခေါင်းမော့” ခေါ် မင်္ဂလာစကားများကို လက်ထပ်ပွဲ အကြီးအကဲတို့က ပြောကြရသည်။ ထိုလက်ထပ်ပွဲ၌ သတိုးသမီး၏ မိခင်အတွက် နို့ဖိုးကို သတိုးသားဘက်က တစ်ခါတည်းပေးရသည်။ တစ်နေ့လုံး ဗုံ၊ မောင်း၊ ပြွေများဖြင့် ကခုန်ကာ ညဦးပိုင်းတွင် သတိုးသား အိမ်သွားကာ သတိုးသမီးအား အခန်းအပ်ရသည်။ တစ်လင် တစ်မယား စနစ်ကိုသာ ကျင့်သုံးသည်။ ယောက်ျားလုပ်သူ မိန်းမထပ်ယူလျှင် လက်ရှိဇနီးအား လျော်ကြေးပေးရသည်။ ကွာရှင်းမှုဆောင်ရွက်ရာတွင် နတ်စားများရော ဗုဒ္ဓဘာသာဝင်များပါ တူညီကြသည်။ ယောက်ျားက ကွာရှင်းလိုလျှင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အိမ်ပေါ်မှ ဆင်းသွား ပါသည်။ မိန်းကလေးကကွာလိုလျှင် မင်္ဂလာဆောင်စဉ် ကုန်ကျစရိတ်အားလုံး ပြန်ပေးရသည့်အပြင် ကျက်သရေပျက်စေမှုနှင့် လင်သားအား လျော်ကြေးပေးရသည်။ မွေးထားသည့်ကလေးများမှာ မိခင်ဖခင်ဘက် ကြိုက်ရာလိုက်သွားနိုင်သည်။ ကွာရှင်းပြတ်စဲမှုကို ရပ်ရွာလူကြီးများက လက်ခံလေ့မရှိ။ ဖျောင်းဖျနားချပေးသည်က များသည်။

 

ဂေခိုတို့၏ မီးဖွားခြင်းကို ဓလေ့ထုံးစံအတိုင်းသာ လုပ်ကြသည်။ ကလေးချက်ကြွေလျှင် မီးထွက်ဖို့လုပ်သည်။ ပရိသတ်များ ခေါ်ယူကျွေးမွေးကာ အချင်းကိုမြေမြှုပ် (သို့) ဝါးဘူးတွင်ထည့်ကာ အိမ်တိုင်တွင် ချိတ်ဆွဲမှုများ ပြုလုပ်ကြသည်။ မြေမြှုပ်မှုမှာ မွေးဖွားသည့် ကလေးငယ်ကို မြေကြီးကဲ့သို့ မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ချက်ကို အမြင့်တွင် ချိတ်ဆွဲထားခြင်းဖြင့် ကလေးငယ်၏ဘဝ မြင့်မားပါစေ။ ကျမ်းမာချမ်းသာ၍ ကြီးပွားပါစေဟူသော အဓိပ္ပာယ်ကိုဆောင်သည်ဟု ပြောကြသည်။

 

 

ယုံကြည်ကိုးကွယ်မှု

 

ဂေဘားတို့သည် ဗုဒ္ဓ၊ ခရစ်ယာန်၊ နတ် အယူသုံးမျိုး ကိုးကွယ်ကြသည်။ အများစုမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ရွာတိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းများ ဆောက်ကာ ယေရှုပုံကို ချိတ်ဆွဲကိုးကွယ်ကြသည်။

 

ကောင်းကင်ဘုံ၌ ဘုရားတစ်ဆူတည်းသာ ရှိသည်ဟု စွဲမြဲ ယုံကြည်ကြသည်။ သခင် ယေရှုရုပ်ပုံမှတစ်ပါး အခြားမည်သည့်ရုပ်တုကိုမျှ ကိုးကွယ်မှုမပြု။ စုန်းပြုစားခြင်း၊ နတ်ကိုင်ခြင်းများကို အယုံအကြည်မရှိကြ။ သို့တစေ အတိတ်နမိတ်ကောက်ခြင်းများကိုမှု ယုံကြည်ကြသည်။ နေနှင့်လကို အိမ်မက်မြင်လျှင် ဘုန်းတန်ခိုးတက်မည်။ အစားအစာ ရသည်ဟုမက်လျှင် နိမိတ်မကောင်း။ ငလျင်လှုပ်က ရပ်ရွာ၌ ထူးဆန်းကိစ္စများပေါ်လိမ့်မည် စသည်ဖြင့် ယုံကြည်ကြသည်။

 

မိုးခေါင်လျှင် ဖားစည်တီး၍ မိုးခေါ်ကြသည်။ ငှက်ပျောပင်ကို ဇောက်ထိုးစိုက်၍လည်းကောင်း၊ “လုံက ဆူးသာ” ခေါ် ဥစားနွယ်တစ်မျိုးကို အပေါ်မှအောက်သို့ ဆွဲချ၍လည်းကောင်း၊ အမျိုးသား အမျိုးသမီး လွန်ဆွဲပွဲ (မြန်မာတို့နှင့်တူသည်) တို့ကို ပြုလုပ်၍ မိုးခေါ်လေ့ရှိကြသည်။ ကောင်းကင်၌ ဥက္ကာပျံခြင်းကိုတွေ့လျှင် တန်ခိုးရှင်များ ခရီးသွားခြင်းဟု ယုံသည်။ ကြက်ဦးခေါင်းမှတစ်ပါး အခြား ဦးခေါင်းများ လုံးဝမစား။ အသားပေါ်လျှင် ဦးခေါင်းကို ရွာလူကြီးများအားပေးကြရသည်။ ဂေခိုတို့မှာ ဂျုံ၊ ခရမ်းသီး၊ ချင်းစိမ်း၊ စိမ်းစားဥ စားလေ့စားထမရှိ စားလျှင်ရူးတတ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ယခု ထိုသို့ မဟုတ်တော့ပါ။ အားလုံးစားလေ့စားထ ရှိလာခဲ့ပေပြီ။ သို့ရာတွင် မူမက် တောလိုက်သွားချိန်တွင် မက်ကာသီး၊ ခရမ်းသီး လုံးဝမစား တောကောင်မရမည်စိုး၍ ဖြစ်သည်။ ကောက်ရိတ်သိမ်းချိန်တွင် လူစိမ်းဖြတ်သန်းခွင့်မပြု။ စပါးလိပ်ပြာလွင့်တတ်သည်ဟု ယုံကြည်ကြသည်။

 

တေးဂီတ အကတူရိယာနှင့်ပွဲတော်များ

 

ဂေခိုတို့၏ရိုးရာဓလေ့တွင် တောင်ယာလုပ်ငန်းပွဲများ ရှိသည်။ ပျိုးကြဲပွဲစူးထိုးပွဲများ၌ တပျော်တပါး ဝိုင်းဝန်းစားသောက်၍ သီချင်းဆိုကခုန်ကြသည်။ နှစ်ကုန်ချိန် ဒီဇင်ဘာလအတွင်းတွင် စပါးရိတ်သိမ်းပွဲ၊ စပါးနှယ်ပွဲ၊ စပါးပုတ်ပွဲများ လုပ်ကြသည်။ တူရိယာများမှာ မောရိတ်ဆိတ် (ခေါ်) ဝါးလုံး တပ်မြွေ၊ မောင်းပရိုင် (ခေါ်) အသံ ၁၂ မျိုးထွက် ဝါးရှည်ပြေတို့ကို မှုတ်ကြသည်။ ကျွဲချိုကိုလည်းမှုတ်သည်။ ဗုံရှည်နှင့်၊ ဖားစည်များတီကာ ရှေးခေတ်သုံး၊ ယခုခေတ်သုံး မြွေမျိုးစုံကို အသံသာယာစွာ မှုတ်လေ့ရှိသည်။ ယနေ့အချိန်အခါတွင် စန္ဒယားနှင့် ဘင်ဂျိုများကိုပင် တီးနေသည်ကို တွေ့ရသည်။

 

ပွဲတော်များတွင် ဝါးဖြင့် ပြုလုပ်သော မောရိတ်ဆိပ် (ခေါ်) ဘာဂျာပွေကိုမှုတ်၍ ကိုယ်ကို ဘယ်ညာယိမ်းကာ ကခုန်ကြသည်။ စပါးပေါ်သောအခါ ကယ်ဒီခူး (ခေါ်) စပါးဦး စားပွဲများ ပြုလုပ်၍ မိအိုဖအိုများအား ဖိတ်ခေါ်ကျွေးမွေးလေ့ရှိသည်။ ဂေခိုတို့တွင် ရိုးရာပွဲမျိုးစုံရှိသည် အိမ်သစ်တက်ပွဲတွင် ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ခေါ်ကျွေးမွေးကာ ဝါးညှပ်အက၊ တေလဒူးအက၊ ဒိုင်းအကများကို တပျော်တပါး ကကြသည်။ သီချင်းများတွင် အပျော်သီချင်း၊ အလွမ်းသီချင်းဟူ၍ ခွဲထားသည်။ အသုဘပို့ရာတွင် ကခုန်သီဆိုခြင်းသည် သေသူ၏ ဆွေမျိုးများ စိတ်သက်သာရာရစေရန် ပြုလုပ်ခြင်းဟုဆိုသည်။ ဒိုင်းအကတွင် မိန်းကလေးများ မပါရ။ ယောက်ျားများသာ ကရသည်။ ယနေ့ခေတ်တွင် အသုဘ၌ ကခုန်ခြင်းမလုပ်ကြတော့ကြပေ။ သီချင်းကိုသာ အုပ်စုလိုက် တစ်ညလုံး သီဆိုကြတော့သည်။ ရှေးဟောင်းသီချင်း၊ ခေတ်ပေါ်သီချင်းအားလုံးကို စုပေါင်းသီဆိုကြသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်ဆိုရာတွင် ရှုံးသည့်အဖွဲ့ကို နိုင်သည့်အဖွဲ့က “ဝေး၊ဝေး၊ဝေး၊” ဟု ညာသံပေးပြီး လှောင်ပြောင်ကြသည်။ မကျေမနပ် ဖြစ်နေသည့် အခြားအဖွဲ့ကလည်း “ဒို့၊နို့၊အံ့၊”ဟု ခွေးအော် သလိုအော်ကာ ပြန်လည်ချေပမှုပြုတတ်ကြသည်။

 

ဤသို့သော သမိုင်းကြောင်း၊ စာပေဘာသာစကား၊ ဘဝဓလေ့၊ ရိုးရာယဉ်ကျေးမှုဖြင့် ကယားဌာနေအတွင်း ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုးအနေဖြင့် ရပ်တည်နေထိုင်လာကြသော ဂေခိုတိုင်းရင်းသားတို့သည် ယနေ့ကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းကြောင်း၊ စာပေယဉ်ကျေးမှု အခန်း ကဏ္ဍများကို လွတ်လပ်စွာ ဖော်ထုတ်ဖန်းတီးဆန်းသစ် တီထွင်ခွင့် အခွင့်အရေးများ လမ်းစဖွင့်ပေးသည့် အချိန်အခါမျိုးတွင် မိမိတို့၏ စာပေယဉ်ကျေးမှုတို့ကို ခေတ်နှင့်ဆီလျော်အောင် ဆန်းသစ်တီထွင်မှုတို့ကို ကြိုဆိုကြရပေမည်။

ကိုးကား။ ။

၁။ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ (ကယား)။

၂။ ဒို့တိုင်းရင်းဘွားပြည်ထောင်စုသား(ဦးမင်းနိုင်)။

၃။ ကယားပြည်နယ်၊ ခုနှစ်စင်ကြယ် (ပြည်နယ်ယဉ်ကျေးမှု)။

၄။ ပြည်ထောင်စုသားတို့၏ ရိုးရာထိမ်းမြားမင်္ဂလာဓလေ့ (တက္ကသိုလ်သျှင်သီရိ)။

၅။ ကယားပြည်နယ်မှ ရိုးသားကြိုးစားသော ခိုတိုင်းရင်းသားများ (နီငြိမ်း-အညာ တက္ကသိုလ်)၊ နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း၊ ၁၀၆/၂၀၀၈။