ရုရှားထုတ် ဒီဇယ်ဆီများ အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရန် သဘောတူညီမှုရရှိကြောင်း ထရမ့်ပြောကြား

ဝါရှင်တန် အောက်တိုဘာ ၁၀

အမေရိကန်နိုင်ငံသို့သာမက ကမ္ဘာ့ဈေးကွက်များသို့ပါ ရုရှားနိုင်ငံထုတ် ဒီဇယ်ဆီများ တင်ပို့ရောင်း ချရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

ပူတင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇယ်ဆီတန်ချိန် ၃၀၀၀၀၀ ကျော်ကို ချက်ချင်းတင်ပို့ရန်၊ နိုဝင်ဘာလတွင် တန်ချိန် ၅၀၀၀၀၀ နှင့် ထို့နောက် တန်ချိန် တစ်သန်း ထပ်မံတင်ပို့ရန် သဘောတူညီခဲ့ ကြောင်း သမ္မတထရမ့်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံရှိ ဒီဇယ်ချက်လုပ်စက်ရုံများ၏ အခြေအနေပေါ်မူတည်၍ တန်ချိန်သုံးသန်းကိုလည်း အချိန်တိုအတွင်း ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလားတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ရုရှားဒီဇယ်ဆီနှင့်ပတ်သက်၍ ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို လာမည့်နှစ် ဧပြီလအထိ တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုဖြစ်ပေါ်တိုးတက်မှုသည် ထရမ့်အစိုးရအပေါ် အမေရိကန်ပြည်သူများ၏ သဘောထားကို တိုင်းတာနိုင်သည့် အရေးပါသော အညွှန်းတစ်ခုအဖြစ် ရှုမြင်ခံထားရသည့် အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေချိန်၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထရမ့်က ဒီဇယ်ဆီဈေးနှုန်းများ အမေရိကန်နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်း၌ပါ လျင်မြန်စွာနှင့် စံချိန်တင်ပမာဏအထိ ကျဆင်းလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် လယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ကုန်တင်ယာဉ် မောင်းများအပါအဝင် အမေရိကန်ပြည်သူများအတွက် ဈေးနှုန်းသက်သာစေရေးသည် ၎င်း၏ အဓိက ဦးစားပေးလုပ်ငန်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် လိုအပ်နေသည့် ဒီဇယ်ဆီများ ရရှိမည်ဖြစ်သည့်အတွက် သမ္မတပူတင်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလွန်ဝမ်းမြောက်မိကြောင်း သမ္မတထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထပ်လောင်းပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ